Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌  ကားတိုက်ခံရပြီး မြန်မာအလုပ်သမား  ၁ ဦးသေဆုံး၊  ၃ ဦးဒဏ်ရာရ 
DVB
·
October 15, 2025
Source - WAG အလုပ်သမား မဟာမိတ်အဖွဲ့

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးမြို့ထဲမှာ အောက်တိုဘာ ၁၄ ရက် မနက်က မြန်မာရွှေ့ပြောင်းလုပ်သားတစု အလုပ်ဆင်းဖို့ ကားစောင့်နေစဉ်  ကြိုပို့ဖယ်ရီကား  တစီးက ဝင်တိုက်လို့ မြန်မာလုပ်သား  တယောက်သေဆုံးပြီး   ၃ ယောက် ဒဏ်ရာရသွားတယ်လို့  WAG အလုပ်သမားမဟာမိတ် အဖွဲ့ထံက သိရပါတယ်။

ဘန်ဝနယ်မြေ ဒယ်အိုးလုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ဟာ မနေ့ မနက် ၆ နာရီခွဲလောက်က အလုပ်ဆင်းဖို့အတွက်  ဂျက်လစင်ဟွေ့ပါကွန်ဒိုတိုက်ခန်းနားက ဖုံးဆိုင်ရှေ့မှာ ကားစောင့်နေတုန်း တခြားအလုပ်သမားတွေကို လာကြိုတဲ့ ၂ ထပ်မှန်လုံဖယ်ရီကားတစီးက  အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တယ်လို့   WAG အလုပ်သမား မဟာမိတ် အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက DVB ကို ပြောပါတယ်။

“အလုပ်သမားတွေက ကားလမ်းဘေးဘောင်ပေါ်မှာ မတ်တတ်ရပ်နေကြတာ။ အဲဒါကို ကားက ဆင်းလာပြီးတော့ ကွေ့ရမယ့်ဟာကို မကွေ့ဘဲနဲ့  အလုပ်သမားတွေကို တည့်ဝင်တိုး လိုက်တာပေါ့။ အဲဒီမှာ ကိုစိုးလင်းဦးက   ပွဲချင်းပြီး ဆုံးသွားတယ်။  နောက်ထပ် ၃ ယောက်လည်း  တယောက်က ခြေထောက်ကျိုး၊ တယောက်က လက်ကျိုးပြီး၊ တယောက်က ဗိုက်ကိုထိသွားတယ်၊ ဗိုက်ကို ထိတဲ့တယောက်က ဒဏ်ရာပြင်းတယ်။ အားလုံးအမျိုးသားတွေပါ။ ယာဉ်တိုက်မှုက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ပေါ့ဆမှုပေါ့။ ကားမောင်းသမားကလည်း ဝန်ခံထားတယ်။ အခုကားသမားကို အရေးယူဖို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ပေးထားပါတယ်ခင်ဗျ။”

ယာဉ်တိုက်မှုမှာ ထိခိုက်သေဆုံးဒဏ်ရာရသူတွေအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရရှိ ဖို့လည်း လိုက်လံဆောင်ရွက်ပေးနေကြောင်း၊ ဒဏ်ရာရအလုပ်သမားတွေဟာ ဆေးကုသခ ဘတ် တသိန်း ကျော်ကုန်ကျထားပြီး ယာဉ်အာမခံကုမ္ပဏီထံကနေ  ဘတ် ၃၀, ၀၀၀ သာ ရရန်ရှိတာကြောင့် ကားသမားနဲ့ အလုပ်ရှင်တွေနဲ့ ထပ်မံညှိနှိုင်းပေးရဦးမယ်လို့ ဆိုပါတယ်။

ကားတိုက်ခံရတဲ့ အလုပ်သမားအားလုံး MOU နဲ့ တရားဝင် အလုပ် လုပ်ကိုင်နေတာဖြစ်တယ်။ သေဆုံးသူမှာ စာရွက်စာတမ်းအထောက်အထားပြည့် စုံပေမယ့် ကျန် ၃ ယောက်မှာ အလုပ် ရှင်ဟောင်းထံက ထွက်လာပြီး အလုပ်ရှင်သစ်က အဝင်လက်မှတ်မလုပ်ပေးသေးတာကြောင့်  လူမှုဖူလုံရေးရန်ပုံငွေရဖို့လည်း အခက်အခဲရှိနေတယ်။

ဒါကြောင့် အလုပ်သမားတွေ အနေနဲ့ အရေးကြုံက ရသင့်ရထိုက်တဲ့အခွင့်အရေး လက်လွှတ်ဆုံးရှုံးမှုမရှိရအောင် အလုပ်သမားမှတ်ပုံတင်၊ အထောက်အထားတွေကို ဥပဒေနဲ့အညီ အမြဲလုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့   WAG အလုပ်သမား မဟာမိတ်အဖွဲ့  ကိုမုန်တိုင်းက ပြော ပါတယ်။ 

Source - WAG အလုပ်သမား မဟာမိတ်အဖွဲ့ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013