Home
နိုင်ငံတကာ
တတိယအတော်ဆုံးသမ္မတဟု အပြောခံရသဖြင့် ထရမ့်ပ် စိတ်ဆိုး
DVB
·
October 22, 2025
Photo: REUTERS/Kevin Lamarque TPX IMAGES OF THE DAY

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ကိုယ်သူ သမ္မတဟောင်း ဂျော့ချ်ဝါရှင်တန်နဲ့ အေဘရာဟင်လင်ကွန်းတို့နဲ့ နှိုင်းယှဉ်ခဲ့သလို သူတို့ ၂ ယောက်နောက်မှာ တတိယအတော်ဆုံး သမ္မတအဖြစ် သတ်မှတ်ခံရတာကို စိတ်ဆိုးတယ်လို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။

“သူတို့က စစ်ပွဲ ၈ ပွဲ၊ အခုဆို ၉ ပွဲတောင် ရပ်ခဲ့တာ မဟုတ်ဘူးလေ။ ကျုပ်တို့က ၈ ပွဲ ရပ်ပြီးပြီ။ အခု ၉ ပွဲမြောက် လာပြီ၊ ယုံချင်ယုံ၊ မယုံချင်နေပဲ” လို့ ထရမ့်ပ်က ပြောဆိုခဲ့တာပါ။

ထရမ့်ပ်က အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ ထပ်တိုးထည့်သွင်းထားတဲ့ Walk of Fame လို့ခေါ်တဲ့ သမ္မတပုံတွေ ချိတ်ဆွဲပြသထားတဲ့ နေရာအကြောင်း ပြောရင်းနဲ့ ဒီသမ္မတ ၂ ယောက်ကို ကျော်ဖို့ မလွယ်ကြောင်းကို ထည့်ပြောခဲ့တာပါ။

အဲဒီပုံတွေထဲမှာ သမ္မတ ဂျိုးဘိုင်ဒင်ပုံ နေရာမှာတော့ လက်မှတ်ထိုးစက် Autopen ပုံပဲ ချိတ်ဆွဲထားပါတယ်။

ထရမ့်ပ်က ရုပ်မြင်သံကြားက လူတယောက်က သူ့ကို ဝါရှင်တန်နဲ့ လင်ကွန်းပြီးရင် တတိယမြောက် အတော်ဆုံးသမ္မတလို့ ပြောလို့ “ကျုပ် အဲဒီလူကို အရမ်းစိတ်ဆိုးသွားတယ်” လို့လည်း နောက်ပြောင် ပြောခဲ့ပါတယ်။

အဲဒီရုပ်မြင်သံကြားကလူဆိုတာ ဘယ်သူ့ကို ရည်ညွှန်းမှန်းတော့ မသိရပါဘူး။

ဒါပေမဲ့ ဖေဖော်ဝါရီတုန်းက Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာတုန်းကတော့ ဝါရှင်တန်နဲ့ လင်ကွန်း တွဲပြိုင်ရင်တောင် ရွေးကောက်ပွဲမှာ သူ့ကို မနိုင်ဘူးလို့ လူတယောက်က ပြောဖူးကြောင်း ထရမ့်ပ်က ထည့်ပြောခဲ့ဖူးပါတယ်။

ထရမ့်ပ်က ဝါရှင်တန်နဲ့ လင်ကွန်းကို ကျော်ဖို့ မလွယ်ပေမဲ့ ကျုပ်တို့ ကြိုးစားသွားမယ်လို့ပါ မှတ်ချက်ပေးခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ကပွဲခန်းမဆောင်သစ် တိုးချဲ့ဖို့ အရှေ့ဆောင်ဖြိုချနေတဲ့ အသံတွေကလည်း သူ့နားထဲမှာ ဂီတသံလိုပဲလို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အတော်ဆုံးသမ္မတ စစ်တမ်းကောက်ယူထားတာ မရှိပေမဲ့ ၂၀၂၁ တုန်းက C-SPAN က သမိုင်းပညာရှင်တွေကို ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ လင်ကွန်းနဲ့ ဝါရှင်တန်ကို တစ်နဲ့ နှစ်နေရာ ပေးခဲ့ပြီး ထရမ့်ပ်ကိုတော့ နောက်ဆုံးက စရေရင် လေးယောက်မြောက် အဆိုးဆုံးသမ္မတအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013