Home
နိုင်ငံတကာ
ပူတင်နှင့် အချည်းနှီးတွေ့ဆုံမှုမျိုး မလိုချင်ဟု ထရမ့်ပ် မှတ်ချက်ပြု
DVB
·
October 22, 2025
Photo: Kevin Lamarque/Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံရေး အစီအစဉ် ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်ပြီး “အကျိုးမရှိတဲ့ အစည်းအဝေး” ကို မလိုချင်ကြောင်း ပြောသွားပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ရှေ့တန်းတလျှောက် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ငြင်းဆန်နေတာဟာ အဓိကအဟန့်အတား ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

လာမယ့် ၂ ပတ်အတွင်း ဟန်ဂေရီမြို့တော် ဘူဒါပက်စ်မှာ ထရမ့်ပ်နဲ့ ပူတင်ကြား ဆွေးနွေးပွဲတရပ် ကျင်းပဖို့အတွက် စီစဉ်ထားခဲ့တာပါ။

အဲဒီနောက် မကြာမီကာလအတွင်း ဒီခေါင်းဆောင် ၂ ယောက်ကြား တွေ့ဆုံမယ့်အစီအစဉ် မရှိသေးဘူးဆိုပြီး အိမ်ဖြူတော်အရာရှိတယောက် အနေနဲ့ အတည်ပြုပါတယ်။

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှေ့တန်းလိုင်းမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့နဲ့ ပတ်သက်ပြီး ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို ယူကရိန်း အပါအဝင် ဥရောပခေါင်းဆောင်တွေက ထောက်ခံထားပါတယ်။

အဲဒီရှေ့တန်းမျဉ်းနေရာက တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် ယာယီအပစ်အခတ် ရပ်စဲရေးလောက်သာ ဖြစ်လိမ့်မယ်ဆိုပြီး ရုရှားအနေနဲ့ အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်ထုတ် Storm Shadow ဒုံးကျည်တွေနဲ့ ယူကရိန်းစစ်တပ်က ရုရှားရဲ့ ဓာတုစက်ရုံတခုကို တိုက်ခိုက်ခဲ့ပါသေးတယ်။

“ဘရိုင်ယန့်စ် ဓာတုစက်ရုံဟာ ကျူးကျော်သူနိုင်ငံရဲ့ စစ်ဘက် စက်မှုဇုန်ထဲမှာ အရေးပါတဲ့ အဆောက်အအုံတခု” ဖြစ်ကြောင်း ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အဲဒီစက်ရုံဟာ “ယူကရိန်းနယ်မြေထဲကို ပစ်ခတ်ရာမှာ အသုံးပြုတဲ့ ခဲယမ်းမီးကျောက်နဲ့ ဒုံးကျည်တွေအတွက် ယမ်းမှုန့်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဒုံးပျံလောင်စာ အစိတ်အပိုင်းအထိ ထုတ်လုပ်ပေးနေတယ်” ဆိုပြီး ရေးသားထားပါတယ်။

လောလောဆယ် ရုရှားဘက်က ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီး ဒွန်ဘတ်စ်ဒေသမှာ မော်စကိုရဲ့  အချုပ်အခြာအာဏာအပေါ် အသိအမှတ်ပြုဖို့နဲ့ ကိယက်ဗ်တပ်တွေ ဆုတ်ခွာဖို့အတွက် တောင်းဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013