
ရုရှား-ယူကရိန်း လက်ရှိ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ မျဉ်းအတိုင်း အပစ်အခတ်ရပ်စဲရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တောင်းဆိုမှုကို ထောက်ခံကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂ အပါအဝင် ဥရောပခေါင်းဆောင်တွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
“တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပြီး လက်ရှိ ထိတွေ့မျဉ်းဟာ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ စမှတ်ဖြစ်ရမယ်ဆိုတဲ့ သမ္မတ ထရမ့်ပ်ရဲ့ ရပ်တည်ချက်ကို ကျွန်ုပ်တို့ အလေးအနက် ထောက်ခံပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ စစ်ပွဲကာလတလျှောက် မော်စကိုနဲ့ ပုလဲနံပသင့်ခဲ့တဲ့ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အပစ်မရပ်မီ ယူကရိန်းက နယ်မြေပိုပြီးတော့ စွန့်လွှတ်ဖို့ ရုရှားဘက်က အရင်ကတည်းက တောင်းဆိုခဲ့ပြီး ယူကရိန်းနဲ့ မဟာမိတ် ဥရောပနိုင်ငံတွေကတော့ ဆွေးနွေးပွဲတွေ စတင်နိုင်ရေး ချက်ချင်းအပစ်ရပ်တာကို အရင်ဆုံးလုပ်ဖို့ အရင်ကတည်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ပ်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံအပြီးမှာ လက်ရှိ တိုက်ပွဲမျဉ်းအတိုင်း အပစ်ရပ်ရေး တောင်းဆိုတာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲမှာရော ယူကရိန်းကိုထောက်ခံတဲ့ နိုင်ငံတွေ ပါဝင်တဲ့ “ဆန္ဒရှိသူများ ညွန့်ပေါင်းအဖွဲ့” အဖြစ်ရော ဒီတပတ်ထဲ ဥရောပခေါင်းဆောင်တွေ တွေ့ဆုံဖို့ ရှိနေပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ကျရင် လန်ဒန်မှာပြုလုပ်မဲ့ ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ ဇလန်းစကီးက အတည်ပြုထားပါတယ်။
ပြင်သစ်နဲ့ ဗြိတိန် ဦးဆောင်တဲ့ ဒီအဖွဲ့ကို ဖေဖော်ဝါရီမှာ စတင်စုစည်းခဲ့တာဖြစ်ပြီး ယူကရိန်းအတွက် ဘယ်နိုင်ငံက စစ်ရေးအရ ဘယ်လိုကူညီမယ်ဆိုတာ အပြင် အပစ်အခတ်ရပ်စဲပြီးရင်လည်း နောက်ထပ် ရုရှားကတိုက်လာရင် ဘယ်လိုဟန့်တားမယ် ဆိုတာအထိပါ ဆွေးနွေးညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။
Source: Reuters




