
ဂါဇာမှာ အဖွဲ့အချင်းချင်း ပဋိပက္ခတွေကြောင့် သွေးမြေကျမှုတွေ ဆက်ရှိနေမယ်ဆိုရင် “ကျုပ်တို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘဲ သူတို့ကို လာသတ်ရလိမ့်မယ်” လို့ ဟားမတ်စ်အဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
ဒီသတိပေးချက်ကို သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အမေရိကန်တပ်တွေကို ဂါဇာကိုလွှတ်မှာ မဟုတ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
အမေရိကန်ရဲ့ ဦးဆောင်မှုအောက်မှာ အနီးအနားက လူတွေကပဲ ဝင်ရောက်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း “အင်မတန်ဆိုးတဲ့ ဂိုဏ်းတချို့ကို ရှင်းလင်းနေတာ ဖြစ်တဲ့အတွက် စိတ်မပူပါဘူး” လို့ ထရမ့်ပ်က အောက်တိုဘာ ၁၄ ရက်မှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၁၆ ရက်နေ့မှာ လေသံပြောင်းလာတာ ဖြစ်ပါတယ်။
ဂါဇာမှာ ဟားမတ်စ် အာဏာရလာခဲ့တဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ဟားမတ်စ်လက်အောက်ခံ ရဲတပ်ဖွဲ့ဟာ လုံခြုံရေးကို အတိုင်းအတာတခုအထိ ထိန်းသိမ်းနိုင်ခဲ့သလို တဖက်မှာလည်း အတိုက်အခံတွေကို နှိမ်နင်းခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးတပ်တွေ ဂါဇာကို ဝင်သိမ်းပြီးတော့ ဟားမတ်စ်တပ်ဖွဲ့တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် နောက်ပိုင်းမှာ အားနည်းသွားခဲ့ပါတယ်။
လစ်ဟာသွားတဲ့ အာဏာလေဟာနယ်ကို မိသားစုဂိုဏ်းတွေ၊ လက်နက်ကိုင်ဂိုဏ်းတွေက ဝင်ဖြည့်ခဲ့ပြီး အဲဒီထဲမှာ အစ္စရေးက ပံ့ပိုးပေးထားတဲ့ ဟားမတ်စ်ဆန့်ကျင်ရေး အဖွဲ့တချို့လည်း ပါဝင်ပါတယ်။
အဖွဲ့အများစုဟာ လူသားချင်းစာနာမှု အကူအညီတွေကို လုယက်တာ၊ အမြတ်တင်ရောင်းတာတွေ လုပ်တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေ ပြန်လည်လွှဲပြောင်းပေးရေးကိစ္စ နှောင့်နှေးနေတာနဲ့ပတ်သက်ပြီး အစ္စရေးက မကျေမနပ်ဖြစ်နေချိန်မှာ ထရမ့်ပ်ရဲ့ ဒီသတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Source:Reuters




