Home
နိုင်ငံတကာ
ပူတင်နှင့် ဟန်ဂေရီ၌ ထပ်တွေ့မည်ဟု ထရမ့်ပ်ပြော၊ ဇလန်းစကီးနှင့် ယနေ့တွေ့မည်
DVB
·
October 17, 2025
Photo: Various

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ကြီးမားတဲ့  တိုးတက်မှု ရှိခဲ့ပြီး ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာ မျက်နှာချင်းဆိုင်တွေ့ဖို့ သဘောတူခဲ့တယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒီဖုန်းခေါ်ဆိုမှုဟာ အင်မတန်အကျိုးရှိပြီး    နှစ်ဖက်ကိုယ်စားလှယ်တွေ နောက်တပတ် တွေ့မှာဖြစ်တယ်လို့လည်း ထရမ့်ပ်က အတည်ပြုပါတယ်။

ဘယ်ရက်တွေ့မလဲဆိုတာတော့ ထရမ့်ပ်ဘက်က အတိအကျမပြောသေးပေမဲ့ နှစ်ပတ်အတွင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ဟာ အောက်တိုဘာ ၁၇ ရက်၊ အိမ်ဖြူတော်မှာ  ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ မတွေ့ဆုံမီ တရက်အလိုမှာ ပူတင်နဲ့ အရင်ဖုန်းပြောခဲ့တာဖြစ်ပါတယ်။

ရုရှားအတွင်းပိုင်းအထိ ရောက်အောင်ပစ်နိုင်တဲ့ တိုမာဟော့ခ် ဒုံးကျည်တွေ ယူကရိန်းကို ပေး၊ မပေးဆိုတာ ထရမ့်ပ်က ချိန်ဆနေပါတယ်။

ဒါပေမဲ့ ပူတင်နဲ့ ဖုန်းပြောပြီးနောက်မှာတော့ အမေရိကန်လက်ထဲ ကိုင်ထားတဲ့  တိုမာဟော့ခ် ဒုံးကျည်ပမာဏလည်း လျော့သွားလို့ မရဘူး၊ ကျုပ်တို့လည်း လိုအပ်တာဖြစ်တော့ ဒီကိစ္စ ဘယ်လို လုပ်ရင်ကောင်းမလဲ မသိဘူးလို့ ထရမ့်ပ်က မတင်မကျ ပြောခဲ့ပါတယ်။

ထရမ့်ပ်နဲ့ တွေ့ဖို့ အမေရိကန်ကို ရောက်နေပြီဖြစ်တဲ့ ဇလန်းစကီးကတော့ မော်စကိုဟာ တိုမာဟော့ခ် အသံကြားတာနဲ့ ချက်ချင်းဆွေးနွေးပွဲတွေ ပြန်စဖို့ အသည်းအသန်ဖြစ်လာတာပဲလို့ မှတ်ချက်ပေးပါတယ်။

ဥရောပသမဂ္ဂ ဝင်နိုင်ငံတွေထဲမှာ ရှားရှားပါးပါး ရုရှားဘက်ယိမ်းတဲ့ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ထိပ်သီးဆွေးနွေးပွဲလက်ခံကျင်းပဖို့ အသင့်ပဲလို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024