Home
နိုင်ငံတကာ
ရုရှားရေနံမဝယ်ရန် ထရမ့်ပ်ကို မိုဒီ ကတိပေးခဲ့သည့်ကိစ္စ မသိရှိဟု အိန္ဒိယ တုံ့ပြန်
DVB
·
October 17, 2025
Photo: ANI

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ရုရှားရေနံမဝယ်တော့ဘူးလို့ ဖုန်းခေါ်ဆိုမှုတခုမှာ ကတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောဆိုချက်ကို သတိမပြုမိဘူးလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။

ရုရှားရေနံဝယ်တာကို အချိန်တိုအတွင်း အဆုံးသတ်သွားမယ်လို့ မိုဒီက သူ့ကို ဒီကနေ့ အာမခံခဲ့ကြောင်း အောက်တိုဘာ ၁၅  ရက်နေ့မှာ ထရမ့်ပ်က ပြောခဲ့တာပါ။

ဒီအကြောင်းကို ၁၆ ရက်နေ့မှာ အိန္ဒိယဘက်ကို မေးမြန်းခဲ့ရာမှာ အိန္ဒိယအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ခေါင်းဆောင် ၂ ယောက်အကြား ၁၅ ရက်နေ့က ဆက်သွယ်ပြောဆိုမှုမျိုး ရှိခဲ့တယ်လို့ သတိမပြုမိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ကနဦးတုံ့ပြန်မှုမှာ အိန္ဒိယအစိုးရက ထရမ့်ပ်နဲ့ မိုဒီနဲ့ ဖုန်းပြောတယ်ဆိုတဲ့ကိစ္စကို တိုက်ရိုက်မငြင်းဘဲ အိန္ဒိယ သုံးစွဲသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ကသာ ဦးစားပေးဖြစ်တယ်၊ သွင်းကုန်မူဝါဒကို ဒီရည်မှန်းချက် တခုတည်းနဲ့ပဲ ထိန်းကျောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ထပ်မံဖြေရှင်းရာမှာတော့ အဲဒီနေ့က ဖုန်းမခေါ်ခဲ့ဘူး ဆိုတာမျိုးပါ ထည့်သွင်း ဖော်ပြလာတာ ဖြစ်ပါတယ်။

ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ အစောပိုင်းမှာ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းကို ကျူးကျော်ထားတဲ့ ရုရှားအပေါ် စီးပွားရေးအရ အထီးကျန်စေပြီး စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးတဲ့အနေနဲ့ ရုရှားရေနံမဝယ်ဖို့ အိန္ဒိယကို ထရမ့်ပ်အစိုးရက လူသိရှင်ကြားရော၊ သံတမန်ရေးအရပါ ဖိအားပေးနေတာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရုရှားစွမ်းအင်တင်သွင်းမှုကို လျှော့ချခဲ့ချိန်မှာ အိန္ဒိယဟာ တရုတ်ပြီးရင် ရုရှားရဲ့ ဒုတိယအကြီးဆုံး စွမ်းအင်ဝယ်လက် ဖြစ်လာခဲ့ပါတယ်။

မိုဒီအစိုးရကတော့ ဥရောပသမဂ္ဂအပါအဝင် ယူကရိန်း မဟာမိတ်တွေကိုယ်တိုင် ရုရှားနဲ့ ကုန်သွယ်မှုတွေ ဆက်လုပ်နေတာကို ထောက်ပြပြီး ဒါဟာ သူတော်ကောင်းယောင်ဆောင်တာသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013