
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ နောက်ထပ် စွက်ဖက်အရေးယူမှုတွေ မဖြစ်မနေ ရှိလာနိုင်ကြောင်း အောက်တိုဘာ ၁၆ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေး ပြောဆိုခဲ့ပါတယ်။
“သူတို့ဆီက ကတိကဝတ်တခု ပေးထားတာရှိပြီး သူတို့ရဲ့ ကတိကဝတ်ကို သူတို့လေးစားမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့က သူတို့ပြုမူတာတွေကို ကြည့်နေမှာဖြစ်ပြီး ကောင်းကောင်း ပြုမူနေလား၊ အဲလိုမလုပ်ဘူး ဆိုရင်တော့ ကျနော်တို့ စီမံလုပ်ဆောင်ရပါလိမ့်မယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ဟားမတ်စ်က ဖမ်းဆီးထားတဲ့ နောက်ထပ် ဓားစာခံအလောင်းတွေကိုလည်း အစ္စရေးဆီ ပြန်ပို့ခဲ့တယ်လို့ ထရမ့်ပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင် သဘောတူညီချက်ကို ဆက်လက် ကတိကဝတ်ပြုနေဆဲ ဖြစ်ပြီး ဂါဇာရှိ ဓားစာခံတွေရဲ့ လက်ကျန်အလောင်းတွေ အားလုံးကို လွှဲပြောင်းပေးဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။
ကြာသပတေးနေ့မှာ ဟားမတ်စ်က အစ္စရေးဓားစာခံတွေရဲ့ အလောင်းတွေ ပြန်ပေးဖို့ အချိန်ယူရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးက ဖျက်ဆီးခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတွေမှာ အလောင်းတချို့ မြှုပ်နှံထားပြီး တချို့အလောင်းတွေက အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့တဲ့ အဆောက်အဦတွေရဲ့ အပျက်အစီးတွေ အောက်မှာ ကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။
ကျန်ရှိ ရုပ်အလောင်းတွေကို ပြန်လည်ရယူဖို့ကတော့ အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် စက်ပစ္စည်းကိရိယာတွေ လိုအပ်နေကြောင်း ဟားမတ်စ်က ပြောကြားလိုက်ပြီး အစ္စရေးက ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုကြောင့် အဲဒီပစ္စည်းတန်ဆာပလာတွေကိုလည်း လက်ရှိမှာ မရရှိနိုင်သေးကြောင်းလည်း ဆိုပါတယ်။
Source: Reuters




