
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို အရင်ကထက် တိုးမြှင့်ပေးထားပြီး ကုန်ကျစရိတ် မတင်သွင်းသူတွေကို အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။
အရင်က လွှတ်တော် ၃ ရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျပ်သိန်း ၁၀၀ နဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျပ် သိန်း ၁၅၀ သတ်မှတ်ခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေမှာ အခုလို တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
လွှတ်တော် ၃ ရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတယောက်ကို ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း ၁၅၀၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်ကို ကျပ်သိန်း ၃၀၀ ထိ သုံးစွဲခွင့်ရှိပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာ တင်သွင်းရမှာပါ။
သတ်မှတ်ရက်အတွင်း မတင်သွင်းပါက ခုံအဖွဲ့ဖွဲ့စစ်ဆေးပြီး အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် ထုတ်ပြန်ကြေညာသွားမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို အချိန်မီ တင်သွင်းရမှာ ဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်တင်မြှောက်ခံရကြောင်း အမည်ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ပုံစံ(၂၀)နဲ့ ရေးသွင်းပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေဆီမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




