
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘုရားငါးဆူအနီးနဲ့ ကန်တော်ရပ်ကွက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၁ ရက် ဒီနေ့ နေ့လယ် ၂ နာရီ မိနစ် ၅၀ လောက်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် လက်ရှိ သေဆုံးသူ ၃ ယောက် ရှိနေပြီး ပျောက်ဆုံးနေသူတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးကို ဗုံးတလုံးကြဲချခဲ့ပြီး ကန်တော်ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းအနီးကို တလုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
အောင်ချမ်းသာရပ်ကွက်နေထိုင်သူ တယောက်က "ပထမတလုံးကြဲတဲ့အချိန်က ဘယ်နားလဲ ကြည့်နေတုန်း နောက်ထပ်တလုံးလာကြဲသွားတာ၊ လေယာဥ်သံက လုံးဝမကြားရဘူး။ ကြဲသွားမှ ဒုန်းဆိုပြီးကြားရတာ၊ မြေကြီးပါတုန်တယ်" လို့ ပြောပါတယ်။
ကန်တော်ရပ်ကွက် ဖူဆယ်ဘောလုံးကွင်းမှာ ဗုံးကြဲခံရလို့ လက်ရှိ သေဆုံးသူ ၃ ယောက် ရှိနေပြီး ဘောလုံးကစားနေသူတွေရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၂၀ ရက် ညနေပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖားရွာအနီး ကြက်ခြံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ လူထိခိုက်မှုမရှိခဲ့ပါဘူး။




