
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့မှာ အောက်တိုဘာ ၂၀ ရက်ည ၈ နာရီ လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “၂ ယောက် သေတယ်။ ၂ ယောက် ထိတယ်။ နေအိမ် ၁၀ အိမ်နဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးတယ်” လို့ ပြောပါတယ်။
ဗုံးကြောင့် ဈေးတန်းတွေလည်း မီးလောင်သွားပြီး သေဆုံးသွားသူတွေက ဂေါ်ရခါးလူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတယောက်က “လူအထိအခိုက် ရှိတယ်။ မီးတွေက ဒီမနက်ထိ လောင်နေတာ” လို့ ပြောပါတယ်။
မိုင်းငေါ့မြို့၊ မြို့မစျေးအနီး ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသား တယောက်၊ အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရကာ နေအိမ် ၁၀ အိမ်နဲ့ ဆိုင်ခန်း ၅ ခန်းတို့ ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၉ ရက် တရက်တည်း စစ်ကောင်စီက နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ် တွေမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။




