မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲမှာ အောက်တိုဘာ ၁၈ ရက်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “တောင်သာမြို့နယ်ရဲ့ အနောက်မြောက်ဘက် မြင်းခြံနဲ့ အစပ်မှာရှိတဲ့ ရုံးပင်ရွာကို စစ်တပ်ဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေကို ၁၈၊ ၁၉ ရက်တွေမှာ ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကလည်း ၂ ဦးထက်မနည်း ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ရုံးပင်ကျေးရွာကို မြင်းခြံအခြေစိုက် ခမရ ၁၅ ထဲကနေ အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ ဟောင်ဝစ်ဇာ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာလည်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ခဲ့သလို ညနေပိုင်းမှာတော့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ စက်လတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “လက်နက်ကြီးတွေထဲက ၃ လုံးက ရုံးပင်ရွာက ဘုန်းကြီးကျောင်းနားက လူနေအိမ်တွေပေါ် ကျလို့ လူနေအိမ်တချို့ ပျက်စီးခဲ့သလို အသက် ၃၇ နှစ်လောက်ရှိတဲ့ မဇင်ဆိုတဲ့ ကလေးအမေနဲ့ အသက် ၄၁ လောက်ရှိတဲ့ ကိုအောင်ကျော်စိုးတို့ နေရာမှာတင် ဆုံးသွားပါတယ်။ ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်မှုမှာတော့ ၂ ဦး ဒဏ်ရာရတယ်လို့ ကျနော့်ဆီ သတင်းဝင်ထားပါတယ်” လို့ DVB ကို ပြောပါတယ်။
တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းထိုးနေတာတွေ မရှိသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘဲ ပြည်သူကိုဦးတည်ပြီး စစ်တပ်ဘက်က ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ တောင်သာမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးနေရပြီး ပြည်သူတွေအနေနဲ့လည်း သတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။





