Home
မြန်မာသတင်း
ရှမ်းမြောက်၌ စစ်တပ်က အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ  
DVB
·
October 21, 2025

ရှမ်းပြည်မြောက်ပိုင်းက လက်လွှတ်ဆုံးရှုံးထားခဲ့ရတဲ့ မြို့နယ်တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်ပြီး ဖိအားပေးနေတယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြော ပါတယ်။ 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)  ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို စစ်တပ်က ပြန်သိမ်းပိုက်ပြီးတဲ့နောက် ကျန်တဲ့မြို့နယ်တွေကို လည်း သိမ်းယူနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကောင်စီတပ်က ဆက်လက်ပြုလုပ်နေ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုက မိုးကုတ်၊ မန်တုံ၊ နမ့်ဆမ် စတဲ့မြို့နယ်တွေမှာ အကြိမ်ရေ ၃၀ ဝန်းကျင်ရှိခဲ့ပြီး အရပ်သား ဒါဇင်နဲ့ချီပြီး သေဆုံးထားပါတယ်။

စစ်တပ်အနေနဲ့ TNLA ထိန်းချုပ်နယ်မြေတွေထဲက နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို စစ်ကောင်စီက သိမ်းပိုက်ပြီးတဲ့နောက် လက်ကျန်မြို့နယ်တွေကို ရွေးကောက်ပွဲပြီးမှ တိုက်မယ်လို့ ခန့်မှန်းထားပေမဲံ လက်ရှိအခြေအနေအရတော့ ကျန်မြို့နယ်တွေကိုလည်း စစ်ဆင်ရေးကို ဆက်တိုက်ဖော်ဆောင်မယ့် အလားအလာကိုတွေ့ရတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ  CDM ဗိုလ်ကြီးကိုဇင်ယော်က ပြောပါတယ်။

စစ်ကောင်စီဘက်က လက်ရှိ‌အချိန် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ မြို့နယ်တွေဟာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲနယ်မြေတွေကို ဆက်ပြီးချဲ့ထွင်လိုတာကြောင့် အခုလိုမျိုး စစ်ရေးကို ဆက်ပြီးဖော်ဆောင်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျာ်ဇောက ပြောပါတယ်။

ဒါ့အပြင် မကြာခင်မှာ စစ်ကောင်စီနဲ့ TNLAတို့ အကြား တရုတ်ကြားဝင်တဲ့ တွေ့ဆုံပွဲလည်းရှိနေတာပါ။

ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ကျန်မြို့နယ်တွေကို စစ်တိုက်စရာမလိုဘဲ ဖိအားပေး ပြန်တောင်းယူနိုင်အောင် အခုလိုမျိုး အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလိုမျိုး အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် TNLA အတွက်လည်း ဖိအားဖြစ်လာစေမှာဖြစ်တယ်လို့လည်း CDMဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ TNLA ဘက်ကို DVB က ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာကလအတွင်း TNLAက နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ စတဲ့မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားတာပါ။

အဲဒီနောက် တရုတ်ကြားဝင်တဲ့ဆွေးနွေးပွဲတွေရှိလာပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်တောင်းခဲ့ပါတယ်။ 

TNLAဘက်က လက်မခံခဲ့တဲ့နောက်မှာတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၃ မြို့ကို ပြန်ပြီးလက်လွှတ်ထားရပြီဖြစ်ပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013