
မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ယဟိုင်းကြီး ကျေးရွာ စာသင်ကျောင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို အပြစ်မဲ့ပြည်သူတွေကို မထိခိုက်ဘဲ စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်လို့ ရေးဘီလူးအဖွဲ့က စိန်ခေါ်လိုက်ပါတယ်။
ဝယ်ယဟိုင်းကြီးကျေးရွာကို အောက်တိုဘာ ၁၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးပေါ်တာဆွဲတာ၊ စာသင်ကျောင်းက ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်ခဲ့ပြီး ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းရာမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို ရေးဘီလူး တပ်ဖွဲ့တာဝန်ရှိသူက စစ်ကို စစ်နဲ့တူအောင်တိုက်ဖို့ စိန်ခေါ်ခဲ့တာပါ။
ဝယ်ယဟိုင်း ကျေးရွာကို အမှတ် ၅၉၁ ခြေမြန်တပ်ရင်းအမှတ် ၅၈၃ ခြေမြန်တပ်ရင်းနဲ့ DKBA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဒေသခံတချို့ကို ဖမ်းဆီးတာ၊ စာသင်ကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
ရေးဘီလူးတပ်ဖွဲ့တာဝန်ရှိသူက “စစ်ကို စစ်နဲ့တူအောင်တိုက်ပါ။ စစ်တိုက်ဖို့ တက်လာတဲ့ ကောင်တွေက ဘာလို့ရွာသားတွေကို ဖမ်းသွားတာလဲ၊ သိက္ခာမရှိဘူး၊ စာသင်ကျောင်းက ဘာအပြစ်ရှိလို့ စာသင်ကျောင်းတွေကို ဖျက်ဆီးရတာလဲ၊ စစ်တိုက်ဖို့လာတဲ့ ကောင်တွေက ကျနော်တို့လာတော့ ထွက်ပြေးသွားကြတယ်။ ထိပ်တိုက်တွေ့ချင်တယ်ဆိုရင် စောင့်ပေါ့၊ ညက ၁၂ နာရီထိုးမှာ သူတို့ရှိတဲ့ နေရာကို ရောက်တယ်၊ မနက်ကျတော့ ထွက်ပြေးသွားကြတယ်။ ကမ္ဘာ့အဆင့်မီ ဆိုတဲ့ စစ်တပ်က သိက္ခာမရှိဘူး” လို့ ပြောပါတယ်။
ကလေးတွေရဲ့ ပညာရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်ဆိုပြီး အဆင့်မြှင့်မယ် ဆိုတဲ့သူတွေက စာသင်ကျောင်းတွေကို ရိုက်ဖြိုတယ်၊ နိုင်ငံတော်အဆင့် စစ်တိုက်နေတယ်ဆိုတဲ့ စစ်တပ်က သိပ်က္ခာအရမ်းမဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း မွန်ပြည်နယ် အာယုတောင်ကျေးရွာက. စစ်ကောင်စီတပ်ရဲ့ ရုံးပိုင်းဆိုင်ရာ တာဝန်ယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မျိုးမင်းဇော်ဆိုသူကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရထားသေးတယ်လို့ ရေးဘီလူးတပ်ဖွဲ့ဆီက သိရပါတယ်။


