
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ဘေလီတံတားအဆင်း ပါရမီလမ်းမပေါ်ရှိ စစ်တပ်ရဲ့ လုံခြုံရေးကင်းတဲအနီးရှိ ဆိုင်ခန်းတွေ အောက်တိုဘာ ၂၀ ရက် ဒီကနေ့ ညနေ ၄ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဘုရားမီးပူဇော်ရာ အခန်းနံပါတ် ၈ ကနေ စတင်မီးလောင်တာဖြစ်ပြီး သင်္ဘောဆေးဆိုင်၊ စက်ဘီးဆိုင်တွေကို ကူးစက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းရာ ဆိုင်ခန်းနဲ့ကပ်လျှက်မှာရှိနေတဲ့ သော့ဆိုင်ပိုင်ရှင်က "မီးခိုးထွက်လာလို့ အောက်ဆင်းပြီး သွားပြောရုံပဲရှိသေးတယ် ဘာပစ္စည်းမှ မရလိုက်ဘူး"လို့ ပြောပါတယ်။
သင်္ဘောဆေးဆိုင်မှာ တင်ဒါပုံးတွေ လောင်ကျွမ်းပေါက်ကွဲသံတွေလည်း ကြားခဲ့ပြီး တခဏအတွင်းမှာ အလျှင်အမြန်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်ရာသို့ မီးသတ်ယာဥ်၊ ရေသည်ယာဥ် အစီး ၂၀ ကျော်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး လူထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။
ဒီနေ့ ညနေ ၄ နာရီ ၁၆ မိနစ်မှာ မီးစတင်လောင်ကျွမ်းလို့ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၆ နာရီ ၂၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ၆ နာရီ ၃၆ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါဆိုင်ခန်းတွေဟာ တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်၊ ဘေလီတံတားထိပ်ရှိ အလက ၇ ကျောင်းပိုင်ဆိုင်ခန်းတွေဖြစ်ပြီး သော့ဆိုင်၊ သင်္ဘောဆေးဆိုင်၊ ဘရိတ်ရှူးဆိုင်၊ စက်ဘီးအဟောင်းဆိုင်တွေအပြင် လူနေဆိုင်ခန်းလည်းရှိတာ ဖြစ်ပါတယ်။




