Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ NCA နှစ်ပတ်လည်မိန့်ခွန်း အပြောနှင့်လက်တွေ့ ကွဲလွဲနေ
DVB
·
October 17, 2025

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းနားမှာ တိုင်းရင်းသားတပ်တွေအနေနဲ့ မဖြစ်နိုင်တာကို မတောင်းဆိုကြဖို့နဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ ထည့်သွင်းပြောဆိုခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာ အပြောနဲ့ လက်တွေ့ ကွဲလွဲနေတယ်လို့ တိုင်းရင်းသားတပ်တွေက ပြောပါတယ်။

NCA နှစ်ပတ်လည် အခမ်းနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေး၊ ဖက်ဒရယ်တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်း ပြောဆိုနေချိန်မှာပဲ နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။

ဒါ့အပြင် တိုင်းရင်းသားတပ်တွေ တောင်းဆိုနေတဲ့အထဲ မဖြစ်နိုင်တာ မပါဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“NCA အခမ်းနားမှာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြောနေကြတာတော့ ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ တရက်မှ မနားပါဘူး။ မနေ့ကလည်း လိုင်ဇာမှာ စကစ ကနေ အသေခံ ဒရုန်းနဲ့ ပြည်သူလူထု နေတဲ့နေရာမှာ ဗုံးကြဲခံရပါတယ်။ ဒါကတော့ အပြောနဲ့ လက်တွေ့ကတော့ ကွဲလွဲနေတဲ့ သဘောဖြစ်တယ်။ မင်းအောင်လှိုင် ပြောတဲ့နေရာမှာလည်း မဖြစ်နိုင်တာကို မတောင်းနဲ့လို့ ပြောတာ။ ကျနော်တို့ တိုင်းရင်းသားတွေ မဖြစ်နိုင်တာကို တောင်းတာ တခုမှ မရှိဘူး။ ပင်လုံ စာချုပ်အတိုင်း ပြည်ထောင်စု တည်ဆောက်ဖို့ ပြောနေတာကို မဖြစ်နိုင်တာကို တောင်းတယ်ဆိုပြီး လက်နက်နဲ့ ခြိမ်းခြောက်တာ ပြည်သူလူထုရှိတဲ့ နေရာကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ။ ဒါဟာ သူတို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ဘက်ကို မဦးတည်ဘူးလို့ ပြောချင်ပါတယ်။”

NCA နှစ်ပတ်လည် အခမ်းနား ကျင်းပတဲ့ အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇ ရက်တွေမှာ တိုင်းရင်းသားဒေသ သာမက အညာမြေပြန့်ကိုပါ လေကြောင်းနဲ့ နေ့စဉ် ဗုံးကြဲနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့ထဲကို အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တရုတ်လူမျိုး နှစ်ယောက် ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၇ ရက် ဒီနေ့မှာလည်း ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ မွန် နဲ့ ကရင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စုစုပေါင်း လူ ၁၀ ယောက်လောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဝေဟင် စစ်ဆင်ရေးကို အပြောင်းလဲတွေ လုပ်ဆောင်ပြီးနောက် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အရေတွက် ပိုတိုးလုပ်လာပြီး သေဆုံးထိခိုက် အရေတွက်လည်း တိုးလာနေတာပါ။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ဖို့ တိုက်ခိုက်ရေး လေယာဉ်တွေ အပြင် ဒရုန်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာတွေကိုပါ စစ်ကော်မရှင်က အသုံပြုနေတာ ဖြစ်ပါတယ်။ 

(KIA ဌာနချုပ် လိုင်ဇာမြို့ကို အောက်တိုဘာ ၁၆ ရက် ညမှာ စစ်ကောင်စီတပ်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီးနောက် အပျက်စီးများကို တွေ့ရစဉ်။ Photo - CJ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013