Home
နိုင်ငံတကာ
မာဒါဂတ်စကာ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ် ကျမ်းကျိန်မည်
DVB
·
October 16, 2025
Photo: REUTERS/Zo Andrianjafy

မာဒါဂတ်စကာရဲ့ စစ်ခေါင်းဆောင်သစ် ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒီရီယာနီရီနက မကြာခင်မှာ သမ္မတအဖြစ် ကျမ်းကျိန်မယ်လို့ ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အာဖရိကသမဂ္ဂ (AU) က အိန္ဒိယသမုဒ္ဒရာထဲက ဒီကျွန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ချက်ချင်း ဆိုင်းငံ့လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံကနေ တိမ်းရှောင်သွားပြီးနောက် လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချခံထားရတဲ့ သမ္မတ အန်ဒရေ ရာဂျိုလီနာ ကတော့ အာဏာသိမ်းမှုကို ရှုတ်ချပြီး ရာထူးကဆင်းပေးဖို့ ငြင်းဆိုထားပါတယ်။

Gen Z လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းလာပြီးနောက်မှာ အခုလို အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။

အာဏာသိမ်းခေါင်းဆောင်က စစ်တပ်က အာဏာလွှဲပြောင်းယူလိုက်ပြီဖြစ်ပြီး အောက်လွှတ်တော်ကလွဲလို့ အစိုးရအဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ဟိုက်ကုတ်တရားရုံးက သူ့ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပြီး နောက်တရက်မှာပဲ ကျမ်းကျိန်ပွဲ မကြာခင်ကျင်းပမယ်လို့ သူက ပြောခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဦးဆောင်တဲ့ ကော်မတီနဲ့ ယာယီအစိုးရက နိုင်ငံကို ၂ နှစ်အထိ အုပ်ချုပ်သွားမှာဖြစ်ပြီး အဲဒီနောက်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

အခုအာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ CAPSAT အထူးတပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်က ရာဂျိုလီနာကို အာဏာရအောင် ကူညီပေးခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး အခု သူ့ကိုပဲ ပြန်လည်ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီဂျေတယောက် ဖြစ်ခဲ့ဖူးသူ ရာဂျိုလီနာဟာ ၂၀၀၉ ခုနှစ်က လူငယ်တွေရဲ့ ထောက်ခံမှု၊ စစ်တပ်ရဲ့ ပံ့ပိုးမှုနဲ့ အာဏာရခဲ့ပေမဲ့ လူနေမှုဘဝ မြှင့်တင်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကတိတွေကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက် လူထုနဲ့ စစ်တပ်ရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013