Home
ဆောင်းပါး
နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေး နှင့် ဩစတြေးလျ၏ အခန်းကဏ္ဍ
DVB
·
October 17, 2025

ပြီးခဲ့တဲ့လက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အရေးပါတဲ့ ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ တခြားတိုင်းရင်းသားတွေ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အကြောင်း ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်‌ ရှော့ပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုဟာ ပြန်လည်ရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တာ ၈ နှစ်ပြည့်ပါပြီ။ ဒီတိုက်ခိုက်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တွေမှာ စွပ်စွဲခံထားရပါတယ်။ ဩစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း တာဝန်ခံမှုရှိရေးကို ထောက်ခံတယ်လို့ ထပ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သီရိလင်္ကာနိုင်ငံ တာဝန်ခံမှုဆိုင်ရာ ပရောဂျက် (OSLap) ရဲ့ လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးခဲ့ပါတယ်။ အချက်အလက်တွေကို လုံခြုံစွာ မျှဝေနိုင်ဖို့၊ ပြည်ပရောက်အသိုက်အဝန်းတွေရဲ့ အမှန်တရားဖော်ထုတ်မှုတွေကို ကူညီပေးဖို့ မဟာမင်းကြီးက နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ သီရိလင်္ကာမြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေ ထပ်တွေ့ပြီးနောက် ဩစတြေးလျက နိုင်ငံရေးသမားတွေဟာ တရားမျှတမှုရှာဖွေနေတဲ့ တမီးလ်အသိုက်အဝန်းကို ထောက်ခံ အားပေးခဲ့ကြပါတယ်။

ဩစတြေးလျက နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာက ဩစတြေးလျနိုင်ငံတွင်း ဘယ်လောက်လုပ်နိုင်သလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။

ဩစတြေးလျဟာ ပြည်ပက တာဝန်ခံမှုရှိရေး ကြိုးပမ်းမှုတွေကို အရင်ကတည်းက ကူညီခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ခိုင်မာတည်တံ့ဖို့ ထောက်ခံခဲ့တယ်။ ကမ္ဘောဒီးယားက ခုံရုံးတွေအတွက်လည်း ငွေကြေးထောက်ပံ့ခဲ့တယ်။ နောက်ပိုင်းမှာ မြောက်ကိုရီးယား၊ သီရိလင်္ကာ၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတွေအတွက် ကုလသမဂ္ဂရဲ့ သက်သေအထောက်အထား စုဆောင်းရေးအဖွဲ့တွေကိုလည်း ထောက်ပံ့ခဲ့ပါတယ်။ ဒီအဖွဲ့တွေက တရားစီရင်ရေးမှာသုံးဖို့ အချက်အလက်တွေကို စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာပြီး သိမ်းဆည်းပေးပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟာ ICJ၊ ICC နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာရှိတဲ့ အမှုတွေအတွက် သတင်းအချက်အလက်တွေကိုလည်း ပေးထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဩစတြေးလျ ပြည်တွင်းမှာတော့ ကျနော်တို့ရဲ့လုပ်ဆောင်ချက် မှတ်တမ်းက အမြဲတမ်း တသမတ်တည်း မရှိခဲ့ပါဘူး။ ၁၉၄၅ ကနေ ၁၉၅၁ အတွင်း ဩစတြေးလျဟာ ဒုတိယကမ္ဘာစစ် စစ်ရာဇဝတ်မှုတွေကို စစ်ခုံရုံးတွေနဲ့ စစ်ဆေးခဲ့ပါတယ်။ ဆယ်စုနှစ်တွေ အကြာမှာတော့ ဩစတြေးလျဟာ နာဇီရာဇဝတ်ကောင်တွေအတွက် “လုံခြုံတဲ့ခိုလှုံရာ” ဖြစ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲဒီနောက် ၁၉၈၇ မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လူ ၃ ယောက်ကို တရားစွဲခဲ့ပေမဲ့ ဘယ်သူမှ ပြစ်ဒဏ်ချမှတ်ခြင်း မခံခဲ့ရပါဘူး။ ၁၉၉၂ မှာတော့ အဲဒီအဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Lowy Institute က ဩစတြေးလျဟာ ယူဂိုဆလားဗီးယား၊ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တီမောနဲ့ တခြားနိုင်ငံတွေက ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူတွေအတွက် ခိုလှုံရာနေရာအဖြစ် ရှိနေနိုင်သေးတယ်လို့ သတိပေးခဲ့ပါတယ်။ ၂၀၂၃ မှာတော့ နိုင်ငံတကာရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမဲ့ အမြဲတမ်း အဖွဲ့တခု ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ နိုင်ငံရေးအရ ဦးစားပေး ဖြစ်မလာသေးပါဘူး။

တကယ်တော့ ဩစတြေးလျရဲ့ ပြစ်မှုဆိုင်ရာဥပဒေမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထည့်သွင်းထားပြီးသားပါ။ ဒီပြစ်မှုတွေ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ကျူးလွန်လွန် ဩစတြေးလျတရားရုံးတွေမှာ စီရင်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီပြဋ္ဌာန်းချက်တွေကို လက်တွေ့မှာ အခုထိ အသုံးမပြုရသေးပါဘူး။

ဥပဒေအရလည်း၊ ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်တွေအရ၊ ယုံကြည်လောက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ သံသယရှိသူတွေကို တရားစွဲဆိုတာ ဒါမှမဟုတ် (သက်ဆိုင်ရာနိုင်ငံကို) လွှဲပြောင်းပေးတာတွေ လုပ်ဆောင်ရပါမယ်။

သံတမန်ရေးရာအရ ကြည့်မယ်ဆိုရင်လည်း “ပိုလုပ်ဆောင်ခြင်း” ဟာ ဩစတြေးလျကို မူစောင့်ထိန်းတဲ့ အလယ်အလတ်အင်အားကြီးနိုင်ငံတခုအဖြစ် ပိုပြီးခိုင်မာစေမှာပါ။ “နိုင်ငံတွေကြား သဘောတူထားတဲ့ စည်းမျဉ်းတွေနဲ့ ကမ္ဘာကြီးကို လမ်းညွှန်မယ်” ဆိုတဲ့ ကျနော်တို့ရဲ့ ကတိကဝတ်ကို ပိုပြီး ယုံကြည်လာစေပါလိမ့်မယ်။ ကျနော်တို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဂုဏ်သတင်းကိုလည်း ဖြည့်ဆည်းပေးရာရောက်ပါမယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးကြောင့် မကြာခဏ အကျပ်အတည်းဖြစ်နေတဲ့ ဒီကမ္ဘာ့စနစ်ကြီးထဲမှာ ခေါင်းဆောင်နိုင်စွမ်းကိုလည်း ပြသနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းရေးအရ ကြည့်မယ်ဆိုရင်လည်း ဩစတြေးလျမှာ အာဖဂန်၊ မြန်မာ၊ ဆူဒန်၊ သီရိလင်္ကာနဲ့ ဆီးရီးယားနိုင်ငံသားတွေ အများကြီး နေထိုင်ပါတယ်။ သူတို့ထဲမှာ ရာဇဝတ်မှုတွေကို ကြုံတွေ့ခဲ့ရသူတွေနဲ့ မျက်မြင်သက်သေတွေ ပါဝင်ပါတယ်။ သူတို့ရဲ့ အသိပညာက အမှန်တရား ဖော်ထုတ်ဖို့နဲ့ တရားစွဲဆိုမှုတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် “ပိုလုပ်ဆောင်ခြင်း” ဆိုတာ ဩစတြေးလျမြေပေါ်က ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့အတွက် ပိုကြိုးစားတာကို ဆိုလိုပါတယ်။

ဒါ့အပြင် တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်အောင် အခြေခံလိုအပ်တဲ့ ယန္တရားတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဆိုလိုပါတယ်။ အဲဒါတွေကတော့ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခြင်း၊ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူတွေနဲ့ မျက်မြင်သက်သေတွေကို ထိတွေ့ဆက်ဆံခြင်း၊ ပြီးတော့ သက်သေအထောက်အထားတွေကို ထိန်းသိမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။

ဩစတြေးလျအနေနဲ့ IIMM (မြန်မာ)၊ OSLap (သီရိလင်္ကာ) နဲ့ အာဖဂန်နစ္စတန်အတွက် အဖွဲ့အစည်းသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်နိုင်ပါတယ်။ သက်ဆိုင်ရာ အချက်အလက်တွေသိတဲ့ လူပုဂ္ဂိုလ်တွေကို လုံလုံခြုံခြုံ ဖော်ထုတ်ကာ ချိတ်ဆက်ပေးခြင်းအားဖြင့် ပိုပြီးကူညီနိုင်ပါတယ်။

ဒါ့အပြင် ပြည်ပက တရားစွဲဆိုမှုတွေကို ကူညီနေတဲ့ မျက်မြင်သက်သေတွေနဲ့ ဒုက္ခကြုံခဲ့ရသူတွေကို ပိုမိုအကာအကွယ်ပေးနိုင်ဖို့ ရန်ပုံငွေ ထောက်ပံ့ပေးနိုင်ပါသေးတယ်။

ဒါတင်မက ရှိပြီးသား ကျွမ်းကျင်မှုတွေကိုလည်း အသုံးချနိုင်ပါတယ်။ ဥပမာအားဖြင့် ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ဟာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ လိမ်လည်မှုနဲ့ အဂတိလိုက်စားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အတွေ့အကြုံ အများကြီး ရှိပါတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကြားက ဆက်စပ်မှုကို ဖော်ထုတ်နိုင်အောင် သူတို့ရဲ့ စွမ်းဆောင်ရည်ကို တိုးချဲ့တာ၊ ဒါမှမဟုတ် AFP ရဲ့ ပစိဖိတ်ရဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ညှိနှိုင်းရေးဗဟိုဌာနမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး သင်တန်းတွေ ထည့်သွင်းပေးတာမျိုးဟာ တန်ဖိုးရှိတဲ့ ခြေလှမ်းတွေ ဖြစ်ပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဩစတြေးလျဟာ လူပျောက်ဆုံးမှုတွေ အများကြီးဖြစ်နေတဲ့ နေရာတွေမှာ မှုခင်းဆေးပညာနဲ့ ဥပ‌ဒေတတ်ကျွမ်းသူတွေ လွှတ်ပေးတာ၊ သင်တန်းတွေနဲ့ အပြန်အလှန် ဖလှယ်မှုတွေ လုပ်ပေးတာ၊ ဒါမှမဟုတ် လွတ်လပ်တဲ့ အထူးကျွမ်းကျင်သူတွေ ငှားရမ်းနိုင်ဖို့ ဒေသန္တရ အာဏာပိုင်တွေဆီကနေ ရန်ပုံငွေထောက်ပံ့ပေးတာ စတဲ့ နည်းလမ်းတွေနဲ့ ကူညီနိုင်ပါသေးတယ်။

နည်းပညာပိုင်း ဒါမှမဟုတ် ငွေကြေးပိုင်း အနည်းအကျဉ်း ကူညီတာကတောင် လက်တွေ့မှာ သိသာတဲ့ ခြားနားမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့တရားစီရင်ရေးစနစ်ကြီးတခုလုံး ကမောက်ကမဖြစ်နေချိန်မှာ နိုင်ငံတကာရာဇဝတ်မှု တရားမျှတမှုအတွက် ဩစတြေးလျရဲ့ အခန်းကဏ္ဍက အခုအခါမှာ အတော်လေး အရေးကြီးနေပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုဆိုတာ နိုင်ငံတကာအဆင့်မှာပဲ သီးသန့်လုပ်ဆောင်ဖို့ ဆိုပြီး ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။

စင်ကာပူ စစ်ရာဇဝတ်မှု တရားခွင်တွေကနေ ကမ္ဘောဒီးယားက ECCC တရားရုံးတွေအလယ်၊ ဥရောပနဲ့ တောင်အမေရိကတိုက်က ကမ္ဘာ့တရားစီရင်ပိုင်ခွင့်နဲ့ တရားစွဲဆိုမှုတွေအထိ ပြည်တွင်းတရားစီရင်ရေးတွေဟာ အဓိကနေရာမှာ အမြဲတမ်း ရှိခဲ့ပါတယ်။

“ပိုမိုလုပ်ဆောင်ခြင်း” အားဖြင့် ဩစတြေးလျဟာ ကမ္ဘာမှာ သူမြှင့်တင်နေတဲ့ မူဝါဒတွေကို ထိန်းသိမ်းနိုင်သလို ပြည်တွင်းနဲ့ ပြည်ပက နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိရေးကိုလည်း ကူညီနိုင်မှာ ဖြစ်ပါတယ်။

ဂျနီဖာကိန်းမက်ကန် နှင့် အာရူနီ ဂျာရာကိုဒီ 

Ref: Lowy Institute 

(ဩစတြေးလျအခြေစိုက် Lowy Institute ဝက်ဘ်ဆိုက်တွင်  Jennifer Keene-McCann နှင့် Aruni Jayakody တို့ ရေးသားထားသည့် “Australia’s role in bringing international criminals to justice” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024