Home
နိုင်ငံတကာ
ယီမင် ဟူသီစစ်ဦးစီးချုပ် အသတ်ခံရ၊ အစ္စရေးကို လက်တုံ့ပြန်မည်ဟုဆို
DVB
·
October 17, 2025
Photo: HOUTHI MILITARY MEDIA

ယီမင်နိုင်ငံမြို့တော်နဲ့ ဒေသအများအပြားကို ထိန်းချုပ်ထားနိုင်တဲ့ ဟူသီအဖွဲ့ရဲ့ စစ်ဦးစီးချုပ် မိုဟာမက် အက်ဘ် အယ်လ်-ကာရင်မ် အယ်လ်-ဂါမာရီဟာ သြဂုတ်လနှောင်းပိုင်းက တာဝန်ထမ်းဆောင်စဉ် အသတ်ခံခဲ့ရတယ်လို့ အဖွဲ့က အောက်တိုဘာ ၁၅ ရက်မှာ အတည်ပြုပါတယ်။

အစ္စရေးလက်ချက်လို့ တိုက်ရိုက်မပြောပေမဲ့ အစ္စရေးဟာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နောင်မလုပ်ရဲလောက်အောင် အဟန့်အတားဖြစ်စေမဲ့ ဒဏ်ခတ်မှုမျိုးနဲ့ ကြုံစေရမယ်လို့ သတိပေးလိုက်ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်ကလည်း ဂါမာနီကို အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အတည်ပြုပါတယ်။

နောင်မှာလည်း ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို အလားတူ ဆောင်ရွက်သွားမယ်လို့ ကတ်ဇ်က ထပ်ပြောခဲ့ပါတယ်။

ဩဂုတ်လတုန်းကလည်း အစ္စရေးဟာ ဟူသီစစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ တခြား ထိပ်တန်းအရာရှိကြီးတွေကို ပစ်မှတ်ထားပြီးတော့ မြို့တော် ဆာနာအာကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဟူသီဝန်ကြီးချုပ်နဲ့ ဝန်ကြီးအများအပြား သေဆုံးခဲ့ပါတယ်။

အဲဒီတုန်းကတော့ စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးကို ပစ်မှတ်ထားတာလို့ အစ္စရေးဘက်က အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုပေးထားတဲ့ ဟူသီတွေဟာ ဂါဇာက ပါလက်စတိုင်းတွေနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ခဲ့သလို အစ္စရေးနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ သင်္ဘောတွေကိုလည်း ပင်လယ်နီမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအတွက် အမေရိကန်ကရော အစ္စရေးကပါ ဟူသီတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013