
ဂါဇာမှာ အသက်ရှင်ကျန်ရစ်နေတဲ့ ဓားစာခံ အယောက် ၂၀ စလုံး ပြန်လည်လွတ်မြောက်လာပြီလို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၃ ရက်မှာ အတည်ပြုပါတယ်။
နှစ်သုတ်ခွဲ လွှတ်ပေးခဲ့တာဖြစ်ပြီး ပထမအသုတ် ၇ ယောက်ဟာ မနက်ပိုင်းမှာ လွတ်မြောက်လာပြီး ကျန် ၁၃ ယောက်က နောက်မှလွတ်လာတာ ဖြစ်ပါတယ်။
သေဆုံးသွားပြီဖြစ်တဲ့ ဓားစာခံတွေရဲ့ အလောင်းတွေကိုတော့ အစ္စရေးလက်ထဲ လွှဲပေးဖို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
လွတ်မြောက်လာသူတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်က ဖမ်းခေါ်ခံခဲ့ရတဲ့ အထဲက နောက်ဆုံးကျန်ရစ်သူတွေ ဖြစ်ပါတယ်။
အပြန်အလှန်အနေနဲ့ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၂၅၀ နဲ့ တခြားထိန်းသိမ်းထားသူ ၁,၇၀၀ ပြန်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။
အစ္စရေးက အိုဖာ အကျဉ်းထောင်ကနေ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို သယ်ဆောင်လာတဲ့ကားတွေ ထွက်ခွာလာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဂါဇာက ဆေးရုံတွေမှာတော့ လွတ်မြောက်လာသူတွေကို ကုသပေးဖို့ ပြင်ဆင်နေပါတယ်။
အစ္စရေးကိုရောက်ရှိနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မကြာမီ အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောတော့မှာ ဖြစ်ပါတယ်။
အဲဒီနောက် အီဂျစ်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။




