
ဂါဇာကမ်းမြောင်က ဓားစာခံတွေကို အောက်တိုဘာ ၁၃ ရက် တနင်္လာနေ့ မနက်မှာ ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားတယ်လို့ ဟားမတ်စ်နဲ့ အစ္စရေး တာဝန်ရှိသူတွေက ပြောပေမဲ့ လွှတ်ပေးမယ့် အချိန်နဲ့ ပတ်သက်ပြီး မသေချာသေးပါဘူး။
ကြာသပတေးနေ့မှာရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေအရ အစ္စရေး ကာကွယ်ရေးတပ် (IDF) က ဂါဇာကနေ ကနဦး ဆုတ်ခွာမှုကို အပြီးသတ်ဖို့ ၂၄ နာရီ အချိန်ရခဲ့ပါတယ်။
အစ္စရေးတပ်တွေ ဆုတ်ခွာအပြီး ၇၂ နာရီအကြာမှာ ဓားစာခံ ၄၈ ယောက်ကို ပြန်လွှတ်ပေးဖို့ ဟားမတ်စ်အဖွဲ့ကို အချိန်ပေးခဲ့ပြီး ပြန်လွတ်လာသူတွေထဲက အယောက် ၂၀ လောက်က အသက်ရှင်နေမယ်လို့ ယူဆရပါတယ်။
IDFကို သောကြာနေ့ မွန်းတည့်မှာ ဂါဇာကနေ ရုပ်သိမ်းခဲ့ပြီး ၇၂ နာရီကြာတဲ့ ကာလကို စတင်ခဲ့ပါတယ်။
ဓားစာခံ ၂၆ ယောက်ဟာ မျက်ကွယ်မှာ သေဆုံးသွားကြောင်း ကြေညာထားပြီး နောက်ထပ် ၂ ယောက်ရဲ့ ကံကြမ္မာကို မသိရသေးပါဘူး။
သဘောတူညီချက်အရ ဓားစာခံတွေကို လွှဲပြောင်းပေးအပ်ပြီးတဲ့နောက် အစ္စရေးက သူ့အကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ ပါလက်စတိုင်း ၂၅၀ နဲ့ စစ်ပွဲအတွင်း အဖမ်းခံထားရတဲ့ အကျဉ်းသား ၁,၇၀၀ လောက်ကို လွှတ်ပေးမှာ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံ၊ တဲလ်အဗီမြို့က ဓားစာခံများရင်ပြင်မှာ အောက်တိုဘာ ၁၁ ရက်က ထောင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြကာ ဒေါသနဲ့ ကြေကွဲမှုတို့ လွှမ်းမိုးတဲ့ ၂ နှစ်ကြာ ဆန္ဒပြပွဲတွေအပြီး စနေနေ့က ဆန္ဒပြပွဲကတော့ ရွှင်မြူးတဲ့ အားပေးမှုတွေနဲ့ ပြည့်နှက် ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက် ဂျရဒ်ကုရှ်နာနဲ့ သမီးဖြစ်သူ အီဗန်ကာထရမ့်ပ်တို့ဟာ ဒေါ်နယ်ထရမ့်ပ်သမ္မတ အဖြစ်တက်လာပြီးကတည်းက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပြီး အရှေ့အလယ်ပိုင်းသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ အတူ အစည်းအဝေးတွေ တက်ခဲ့ကြပါတယ်။
Source: Reuters




