
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ကျောက်မြေပုံပြိုကျကာ မြေပုံပိလို့ အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလ အုပ်ချူပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီကျော်မှာ ခဲကျင်းလုပ်ကိုင်တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်က ရေချိုးနေချိန် ကျောက်မြေပုံပြိုပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ကျောက်တွေတူးထားတဲ့မြေစာပေါ့နော်။ စွန့်ပစ်မြေပုံပေါ့ ဒေသအခေါ်ဆို ကျောက်ပုံပေါ့နော်၊ အဲ့အောက်မှာ ရေချိုးရတာကို၊ အဲ့နားမှာ ရေသွားချိုးရင်းနဲ့ အပေါ်က မြေစာကျောက်ပုံက ပြိုကျတယ်၊ ပြိုကျပြီးတော့ ပိပြီးတော့ ခေါင်းကိုရိုက်ထိမိသွားပြီးတော့ ဆုံးသွားတဲ့ပုံမျိုးပါ” လို့ ပြောပါတယ်။
မြေတူးတာတွေကို နွေရာသီနဲ့ ဆောင်းရာသီတွေမှာတူးဆွပြီး ခဲရှာဖွေကြရင်း တောင်စောင်း နေရာတွေမှာ မြေတူးဆွထားတဲ့အတွက် ဂလိုင်ပေါက်လိုဖြစ်တာ၊ မိုးရွာတာကြောင့် ကျောက်မြေတွေ ပြိုကျတာတွေက မိုးရာသီကာလထဲမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၀ ရက် ညပိုင်းမှာလည်း ခဲကျင်းမြေပြိုတာကြောင့် ခဲတွင်းလုပ်ကိုင်နေတဲ့ ပြည်သူ ၂ ယောက် သေဆုံးခဲ့ရပါတယ်။
အဆိုပါနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ထားတဲ့အတွက် မြေသားတွေအက်ကွဲပြီး မြေပြိုကျတာလို့ သိရပါတယ်။




