Home
မြန်မာသတင်း
ထိုင်းတွင် ဘတ်အသစ်လုပ်မည့်ရက် ရွှေ့ဆိုင်း၊ သက်တမ်းတိုးကိစ္စ ကြန့်ကြာနေ
DVB
·
October 16, 2025

ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းအစိုးရက နှစ်စဉ်ပြုလုပ်ပေးနေကျ ပန်းရောင်ကတ် (ဘတ်) ရိုက်ပေးတာကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း အောက်တိုဘာ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လူဟောင်း Work permit ဗီဇာ သက်တမ်းတိုးကိစ္စတွေ၊ သူဌေးပြောင်း အလုပ်ပြောင်း ကိစ္စတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လုပ်ကိုင်ပေးတော့မှာ မဟုတ်ဘဲ ပုဂ္ဂလိက Outsource ကုမ္ပဏီကို လွှဲပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ဘတ်အသစ်တင်မယ့် ကိစ္စ၊ လူဟောင်း သက်တမ်းတိုး ကိစ္စတွေပါ ကြန့်ကြာနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ အကျပ်ရိုက်ကုန်ပါတယ်။

ချင်းမိုင်မြို့က ပတ်စ်ပို့ အကျိုးဆောင်တယောက်က “သက်တမ်းတိုးမယ့် ကိစ္စတွေ၊ သူဌေးအပြောင်းအလဲကိစ္စတွေ အကုန် ကြန့်ကြာကုန်တာပေါ့။ ကြန့်ကြာသွားတော့ သူတို့ အလုပ်သမားဝန်ကြီးကနေ ဒီကိစ္စကို ပြုပြင်ဖို့ E-work permit ရဲ့ ကြေညာချက်ကို ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ သက်တမ်းတိုးမယ့်ကိစ္စကို သူတို့ အတည်ပြုတာ မြန်မလား၊ မမြန်ဘူးလား ဆိုတာ သူတို့အပေါ်မှာ မူတည်တယ်။ သူတို့က အတည်ပြုတာ မြန်မယ်ဆိုရင် ရှေ့လျှောက်ကတော့ သက်တမ်းတိုးကိစ္စတွေ အရမ်းမြန်သွားမယ်။ ကုန်ကျစရိတ်ကတော့ ထပ်မရှိနိုင်တော့ဘူး။ ပထမကတော့ MoU ကိစ္စဆိုပြီးတော့ မြန်မာနဲ့ ထိုင်းနဲ့ ညှိနှိုင်းပြီးလုပ်တဲ့ ကိစ္စ၊ နောက်ပိုင်းကျ မြန်မာက သူတို့နဲ့မဆိုင်ဘူး၊ သူတို့ မပတ်သက်တော့ဘူး ဆိုပြီးတော့ ထိုင်းဘက်ကို လွှဲချလိုက်ရော၊ ထိုင်းဘက်က လုပ်ရင်းလုပ်ရင်း ဘယ်လို ကြန့်ကြာနေလဲ မသိဘူး။ နောက်ပိုင်းကျ ဒီ Work permit ကိစ္စကို ပုဂ္ဂလိကဘက် လွှဲပေးလိုက်ရော” လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အခြေအနေတွေကြောင့် နိုင်ငံခြားသား မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို ယာယီ ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်စတင်မယ့် နေ့ရက်နဲ့ အချိန်ကို ထပ်မံ အသိပေး ကြေညာမယ်လို့ ထိုင်းအစိုးရဘက်က ထုတ်ပြန်ပါတယ်။

အလုပ်သမားတွေဟာ ပုံမှန်အတိုင်းဆိုရင် အောက်တိုဘာလအတွင်း အွန်လိုင်းစနစ်ကနေ နာမည်စာရင်း ပေးသွင်းတာ၊ ပြီးနောက် အလုပ်ရှင်တွေကနေ သို့မဟုတ် အငှားကုမ္ပဏီတွေတဆင့် Work permit လျှောက်ထားတာနဲ့ ဘတ် ရိုက်တဲ့ လုပ်ငန်းစဉ်ကို အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လူသစ်စာရင်းတင်တဲ့ကိစ္စ ရွှေ့ဆိုင်းလိုက်တာအပြင် ၂၀၂၅ ဖေဖော်ဝါရီမှာ Work permit နဲ့ ဗီဇာ သက်တမ်းကုန်ဆုံးတဲ့ အလုပ်သမားတွေကလည်း လက်ရှိအချိန်ထိ သက်တမ်းတိုးကိစ္စတွေ မလုပ်ရသေးတာကြောင့် ခရီးသွားလာတာ၊ အစိုးရရုံး၊ ဘဏ်ကိစ္စတွေ လုပ်တာ၊ အလုပ်သစ်နဲ့ သူဌေးပြောင်း ကိစ္စတွေမှာ အခက်အခဲ ကြုံနေရပါတယ်။

သက်တမ်းတိုး အလုပ်သမားတယောက်ဖြစ်တဲ့ ကိုစိုးက “ကျနော်တို့ ကြုံနေရတဲ့ အခက်အခဲကတော့ သက်တမ်းတိုးလို့ရနေပြီးတော့ တကယ့် မြေပြင်မှာကျတော့ သက်တမ်းတိုးလို့ မရသေးဘူး။ ဘယ်အခြေအနေရောက်နေမှန်း မသိဘူး။ ပွဲစားတွေကလည်း ရေရေရာရာ တိတိကျကျ မသိဘူး။ ကျနော်တို့ အပ်ထားတာကလည်း တနှစ်နီးပါးလောက် ဖြစ်နေပြီ။ ကြေညာတဲ့အခေါက်စပြီး ပွဲစား ဆက်သွယ်နိုး၊ ဆက်သွယ်နိုး စောင့်နေတာ ဒီနေ့အထိတော့ ဗီဇာရတဲ့ကိစ္စလည်း မကြားဘူး။ အခုဆိုရင် အစိုးရက မလုပ်တော့ဘူး။ ပုဂ္ဂလိကကို လွှဲတယ်ဆိုပြီး အကူးအပြောင်းဖြစ်တယ်လည်း ကြားတယ်။ အဲ့အပေါ်မှာ ကျနော်တို့က တိုင်ပတ်သွားတယ်။ ဗီဇာက ရမှာလား၊ မရဘူးလား။ အချိန်တော်တော်ကြာအောင် စောင့်ရတော့မလားဆိုတဲ့ အခက်အခဲတွေ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်နဲ့ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ၁၀ နှစ်ခံကတ်၊ နယ်စပ်ဖြတ်ကျော်ကတ်၊ ပန်းရောင်ကတ် စတဲ့ အထောက်အထားပုံစံ အမျိုးမျိုးနဲ့  အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းချီရှိပါတယ်။

နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေထဲမှာ မြန်မာအလုပ်သမား အရေအတွက် အများဆုံး ဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းရောက်ရှိနေတဲ့ မြန်မာအရေအတွက် ၇ သန်းဝန်းကျင် ရှိနေပြီလို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့  စာရင်းတွေအရ သိရပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013