
ဂျပန်နိုင်ငံက စက်ရုံအလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေက မြန်မာလုပ်သားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းတဲ့အရေအတွက် ဆက်လက်လျော့ကျသွားတယ်လို့ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
ဂျပန်ကုမ္ပဏီတွေဘက်က အောက်တိုဘာ ၁၅ ရက်အထိ မြန်မာလုပ်သားအမျိုးသမီး ၁၄ ယောက်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတဲ့အလုပ်ကမ်းလှမ်းစာ ၅ ခု လက်ခံရရှိခဲ့တာလို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီသံရုံးအနေနဲ့ ဂျပန်ကုမ္ပဏီတွေက အလုပ်သမားခေါ်ဖို့ ကမ်းလှမ်းတာတွေကို စိစစ်ပြီး ၁၅ ရက်တကြိမ် ထုတ်ပြန်နေတာဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်တဲ့စာရင်းမှာ အလုပ်ကမ်းလှမ်းစာ ၃ ခုက မြန်မာ အမျိုးသမီးလုပ်သား ၁၅ ယောက်ကို ခေါ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ခေါ်ယူမယ့် အရေအတွက် သိသိသာသာ ကျဆင်းမှုစကြုံရကာ အခုတကြိမ်မှာလည်း ဆက်လက်ကျဆင်းသွားတာ တွေ့ရ ပါတယ်။
အဲဒီလို မြန်မာအလုပ်သမားခေါ်ဖို့ ကမ်းလှမ်းတဲ့အရေအတွက် တရှိန်ထိုးကျဆင်းသွားတာက လုပ်ငန်းခွင်မှာ လုပ်သားလိုအပ်နေချိန် အရောက်မပို့နိုင်ဘဲ စေလွှတ်ဖို့ကြန့်ကြာနေတာကြောင့်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီကိုယ်စားလှယ်တယောက်က ပြောပါတယ်။
"ဒီဘက်က လုပ်သားစေလွှတ်ဖို့ အကန့်အသတ်တွေနဲ့ တင်းကျပ်ထားလို့ အချိန်မီမပို့နိုင်ဘူး။ အဲဒီလိုတွေ တင်းကျပ်တာက ကိုယ့်နိုင်ငံသားတွေပဲ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးအောင်လုပ်တာနဲ့ အတူတူပဲ။ "
စစ်ကောင်စီက ဂျပန်အပါအဝင် တခြားနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်တာနဲ့ ပတ်သက်လို့ မတ်လကစပြီး အရေအတွက်ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအတွက် ပြည်ပအလုပ်အကိုင်အေဂျင်စ်တခုကို တလမှာ အလုပ်သမား ၁၅ ယောက်ပဲ အလုပ်ခေါ်စာတင်ရမယ်လို့ စစ်ကောင်စီက ကန့်သတ်ထားတာပါ။
ဂျပန်နိုင်ငံက လုပ်ခလစာများတဲ့အတွက် မြန်မာလုပ်သမားတွေ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူ အများအပြားရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အလုပ်သမားစေလွှတ်ခွင့် ကန့်သတ်ထားလို့ အင်တာဗျူးအောင်ပြီး အလုပ်ခေါ်စာကျထားပြီးပေမဲ့ ထွက်ခွင့်မရလို့ စောင့်ဆိုင်းနေရတဲ့ အလုပ်သမားထောင်နဲ့ ချီရှိနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်ဝန်းဆီက သိရပါတယ်။




