
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်အောင်ဆိုပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီ သံရုံးက ပုံစံ-၁၅ တင်ရမယ့်ရက် ထပ်တိုးပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
သံရုံးအနေနဲ့ ပုံစံ-၁၅ တင်ရမယ့်ရက်ကို စက်တင်ဘာ ၈ ရက် နောက်ဆုံး သတ်မှတ်ထားရာကနေ အောက်တိုဘာ ၆ ရက်အထိ ရက်တိုးပေးခဲ့ပြီး အခုထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ ၁၅ ရက်အထိ ထပ်တိုးပေးမယ်လို့ ဆိုပါတယ်။
ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့နိုင်ငံ ပြင်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကျန်ရှိတာမဖြစ်ရအောင် ရက်ထပ်တိုးပေးတာဖြစ်ပြီး အခုလို ရက်တိုးပေးတဲ့ ကြေညာချက်ကို ကိုယ်နဲ့ နီးစပ်ရာ မြန်မာနိုင်ငံသားတွေဆီ ဖြန့်ဝေအသိပေးဖို့ မေတ္တာရပ်ခံတယ်ဆိုပြီးလည်း အဲဒီသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ပရောက်မြန်မာတွေကြားမှာ မဲပေးဖို့ စိတ်ဝင်စားမှုမရှိတာကြောင့် ဂျပန်နိုင်ငံက သံရုံးနည်းတူ တခြားနိုင်ငံတွေက စစ်ကောင်စီသံရုံးတွေလည်း ပုံစံ-၁၅ တင်ရမယ့်ရက်ကို ပထမတကြိမ် တိုးပေးခဲ့တာရှိပြီး နောက်တကြိမ် ရက်ထပ်တိုးပေးတာကို အဲဒီသံရုံးက အသိပေးလာတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုက လုပ်မယ့်ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးဖို့ လျှောက်တာ နည်းနေတဲ့အတွက် အခုလို ရက်တိုးပေးနေရတာလို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆိုပါတယ်။
ဂျပန်ရောက် အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေသူတယောက်က “ပြည်သူတွေက တကယ် စိတ်ဝင်စားရင် မဲပေးဖို့ကို အားတက်တရော လျှောက်ကြမှာပဲ။ အခုက စိတ်ကို မဝင်စားကြတာထက် အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုလို့ကို ဥပေက္ခာပြုနေကြတာ၊ ရက်တိုးပေးနေလည်း ထူးမှာမှ မဟုတ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီသံရုံးတွေအနေနဲ့ ပြည်ပမှာ ပတ်စ်ပို့သက်တမ်း မဖြစ်မနေ တိုးရမယ့်သူတွေကို ပုံစံ-၁၅ တင်ဖို့ အကြပ်ကိုင်တာတွေလုပ်နေတာရှိပြီး အခုလိုရက်တိုးပေးတာကလည်း ကိုယ့်ဆန္ဒနဲ့ လာတင်မယ့်သူထက် တိုးပေးတဲ့ရက်အတွင်း ပတ်စ်ပို့သက်တမ်းလာတိုးမယ့်သူတွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်လို့လည်း ပြည်ပရောက်မြန်မာနိုင်ငံသားတချို့က သုံးသပ်ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချမယ့် အတုအယောင်ရွေးကောက်ပွဲကို ဒီနှစ်ကုန်မှာ လုပ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေဟာ ဆိုးဆိုးရွားရွား မှားယွင်းနေတယ် ဆိုတဲ့ ဝေဖန်ထောက်ပြချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။