
ဗင်နီဇွဲလားနိုင်ငံထဲမှာ စီအိုင်အေ လျှို့ဝှက်စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ ခွင့်ပြုချက်ပေးထားတယ် ဆိုတဲ့သတင်း မှန်ကန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုလိုက်ပါတယ်။
ဒီလိုခွင့်ပြုရတာဟာ ဗင်နီဇွဲလားက အကျဉ်းသားတွေကို အမေရိကန်ထဲ လွှတ်နေတာနဲ့ မူးယစ်ဆေးဝါး အများအပြား ဝင်ရောက်နေတာဆိုတဲ့ အကြောင်းရင်းနှစ်ချက်ကြောင့် ဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဒီမှတ်ချက်အပေါ် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက “အစိုးရပြောင်းဖို့ လုပ်တာကို လက်မခံပါဘူး။ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား စသဖြင့် ကျရှုံးတဲ့စစ်ပွဲတွေ အဆုံးမရှိအောင်ပါပဲ။ စီအိုင်အေက စီမံတဲ့ အာဏာသိမ်းမှုမျိုး အလိုမရှိပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေအနေနဲ့ စစ်ကိုငြင်းပယ်ပြီး ငြိမ်းချမ်းရေးကို လက်ခံဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာရေဘီယံ ပင်လယ်ထဲကို စစ်သင်္ဘော ၈ စင်း၊ နျူကလီးယား ရေငုပ်သင်္ဘောတစင်းနဲ့ တိုက်လေယာဉ်တွေ စေလွှတ်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မူးယစ်ဆေးသယ်တယ်လို့ ယူဆရတဲ့ စက်လှေတွေကို ပစ်ခတ်ခဲ့လို့ လူ ၂၇ ယောက် သေဆုံးခဲ့ပြီး ဒီလုပ်ရပ်ကို ကုလသမဂ္ဂက ဥပဒေမဲ့ ကွပ်မျက်မှုအဖြစ် သတိပေးထားပါတယ်။
ပင်လယ်ပြင်အပြင် ကုန်းမြေပေါ်မှာပါ စစ်ဆင်ရေးတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ထရမ့်ပ်က ပြောဆိုခဲ့ပြီး သမ္မတ မာဒူရို ကိုယ်တိုင် မူးယစ်ဂိုဏ်းမှာ ပါဝင်နေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။
ဒီအခြေအနေတွေကြောင့် သမ္မတမာဒူရိုက နိုင်ငံကိုကာကွယ်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်ကြောင့် သမ္မတမာဒူရိုရဲ့ တရားဝင်မှုကို နိုင်ငံတကာက မေးခွန်းထုတ်နေဆဲ ဖြစ်ပါတယ်။




