
ဟားမတ်စ်အဖွဲ့အနေနဲ့ လက်နက်ဖျက်သိမ်းရမှာ ဖြစ်ပြီး၊ ကိုယ့်ဘာသာ မဖျက်သိမ်းရင် မြန်မြန်ဆန်ဆန်နဲ့ အကြမ်းနည်းသုံး ဖျက်သိမ်းမယ်လို့ သတိပေးထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က “သူတို့ လက်နက်မဖျက်သိမ်းရင်၊ သူတို့ကို ကျုပ်တို့ ဖျက်သိမ်းပေးရပါလိမ့်မယ်။ ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ အကြမ်းနည်း သုံးဖြစ်သွားမှာပါ” လို့ အိမ်ဖြူတော်မှာ အာဂျင်တီးနားသမ္မတ ဟာဗီးယား မီလေးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအဆိုပြုချက်မှာ ပါဝင်တဲ့အတိုင်း လက်နက်ဖျက်သိမ်းဖို့ ဟားမတ်စ်အဖွဲ့ကို ဆက်သွယ်ပြောကြားခဲ့ပြီး သူတို့ဘက်ကလည်း သဘောတူထားတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
“ကျုပ် ဟားမတ်စ်အဖွဲ့ကို စကားပြောခဲ့ပါတယ်။ ခင်ဗျားတို့ လက်နက်ဖျက်သိမ်းရမယ်၊ ဟုတ်တယ်မလား ဆိုတော့၊ ဟုတ်ကဲ့ပါ၊ ကျုပ်တို့ ဖျက်သိမ်းပါမယ်တဲ့၊ ဒါ သူတို့ဘက်က ပြောထားတာနော်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီသတင်းစကားကို ကြားခံတွေက တဆင့်ပြောခဲ့တာသာ ဖြစ်တယ်လို့ ပြန်ဖြေရှင်းချက် ထုတ်ထားပါတယ်။
ထရမ့်ပ်ရဲ့ အစီအစဉ်အရ နှစ်ဖက် ဓားစာခံတွေ၊ အကျဉ်းသားတွေ ပြန်လွတ်လာပေမဲ့ လက်နက်ချဖို့ကိုတော့ ဟားမတ်စ်ဘက်က လူသိရှင်ကြား ကတိမပြုသေးပါဘူး။
ထရမ့်ပ် အိမ်ဖြူတော်ကို ပြန်ရောက်ချိန်မှာပဲ နှစ်ဖက် အခြေအနေ ပြန်တင်းမာလာပါတယ်။ သေဆုံး ဓားစာခံ အလောင်းတွေ ကတိအတိုင်း ပြန်မပေးနိုင်တဲ့အတွက် ဂါဇာကမ်းမြောင်ကို အကူအညီဝင်ခွင့် ထက်ဝက်လျှော့မယ်လို့ အစ္စရေးဘက်က ကြေညာလိုက်ပါတယ်။
ဂါဇာမှာလည်း ဟားမတ်စ် လက်နက်ကိုင်တွေ လမ်းပေါ်ပြန်ထွက်လာကြပြီး လမ်းမတွေပေါ်မှာတင် ပြစ်ဒဏ် စီရင်သတ်ဖြတ်မှုတွေ ပြုလုပ်နေပါတယ်။
လက်နက်မဖျက်သိမ်းခင်မှာ အရင်ဆုံး အင်မတန်ဆိုးတဲ့ ဂိုဏ်းတွေကို ဟားမတ်စ်က နှိမ်နင်းဖို့ လိုကြောင်း၊ ဒီလို သတ်ဖြတ်ရှင်းလင်းနေတာဟာ သူ့အတွက် ပြဿနာမရှိဘူးလို့ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ လက်နက်တော့ ဖျက်သိမ်းရမယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။ အချိန် သတ်မှတ်ပေးထားတာ ရှိလားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က သင့်တော်တဲ့ အချိန်တခုပေါ့။ မြန်မြန်ဆန်ဆန် ဖြစ်လာမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။
Photo: Reuters




