
ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ ဂါဇာမြို့တော်မှာ လူ ၇ ယောက်ကို စည်းဝိုင်းထဲ ဆွဲခေါ်လာကာ အတင်းအကျပ် ဒူးထောက်ခိုင်းပြီး နောက်ကျောကနေ ပစ်သတ်လိုက်တာကို ပြထားတဲ့ ဗီဒီယိုတခု အောက်တိုဘာ ၁၃ ရက်မှာ ပျံ့နှံ့လာပါတယ်။
အဲဒီဗီဒီယို စစ်မှန်ကြောင်းနဲ့ ရန်သူအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေလို့ စွပ်စွဲပြီး သတ်ဖြတ်မှုကို တနင်္လာနေ့က ဟားမတ်စ် အဖွဲ့၀င်တွေက လုပ်ဆောင်ခဲ့တာလို့ ဟားမတ်စ် သတင်းရင်းမြစ်တခုက ရိုက်တာကို အတည်ပြုခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသရှိ အမိန့်ချိုးဖောက်မှုတွေကို နောက်ထပ် သည်းခံနေမှာ မဟုတ်ကြောင်းနဲ့ ရန်သူနဲ့ ပူးပေါင်းသူတွေ၊ လက်နက်ကိုင် လုယက်သူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ပစ်မှတ်ထား အရေးယူသွားမှာဖြစ်ကြောင်း ဟားမတ်စ် သတင်းရင်းမြစ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်က များပြားတဲ့ တိုက်ခိုက်ရေးသမားတွေကို ပိုပြီးတွေ့မြင်လာရကြောင်း ဂါဇာဒေသခံတွေက ပြောကြပြီး အကူအညီတွေ ပေးပို့ဖို့ လိုအပ်တဲ့ လမ်းကြောင်းတွေတလျှောက်မှာ ဖြန့်ကြက် နေရာယူထားကြတယ်လို့ ဆိုပါတယ်။
လတ်တလောရက်ပိုင်းအတွင်းမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေနဲ့ ပြိုင်ဘက်တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
၂ နှစ်ကြာလောက် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ မြေပြင်ကျူးကျော်မှုတွေကြောင့် အလွန်အင်အားနည်းသွားပေမဲ့ ဟားမတ်စ်အုပ်စုဟာ ဒီသီတင်းပတ်ကုန်က အပစ်အခတ် ရပ်စဲရေး ကြေညာထားပြီးကတည်းက ကျန်ရှိနေတဲ့ တိုက်ခိုက်ရေးသမားတွေဟာ လမ်းပေါ်ကို ပြန်ရောက်လာကြပြီး သူတို့ကိုယ်တိုင် တဖြည်းဖြည်း အခိုင်အမာ ပြန်လည်ရပ်တည်လာနေတာ ဖြစ်ပါတယ်။
Source: Reuters




