Home
နိုင်ငံတကာ
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထရမ့်ပ်ကို ဘိုင်ဒင် ချီးကျူး
DVB
·
October 14, 2025
Photo :Reuters

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အောက်တိုဘာ ၁၃ ရက်မှာ ချီးကျူးခဲ့ပါတယ်။

သမ္မတဟောင်း ဘိုင်ဒင်က “စိတ်ကူးလို့တောင်မရတဲ့ ငရဲကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံ အယောက် ၂၀ တို့အတွက် နောက်ဆုံးတော့ သူတို့ရဲ့ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ ပြန်ဆုံတွေ့ကြရတဲ့ ဒီနေ့ရောက်လာတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပြီး စိတ်သက်သာရာ ရပါပြီ။ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားတွေအတွက်လည်း အတိုင်းအတာတခုအထိ ဆုံးရှုံးနစ်နာမှုတွေနဲ့ နောက်ဆုံးမှာ သူတို့ရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးရရှိတော့မှာ ဖြစ်ပါတယ်” လို့ လူမှုမီဒီယာပို့စ်မှာ ရေးထားပါတယ်။

“ဒီသဘောတူညီချက်အတွက် လမ်းက မလွယ်ကူပါဘူး။ သူ့အစိုးရအဖွဲ့ဟာ ဓားစာခံတွေကို နေအိမ်ပြန်ခေါ်ဆောင်နိုင်ရေး၊ ပါလက်စတိုင်း အရပ်သားပြည်သူတွေကို ကယ်ဆယ်နိုင်ရေးနဲ့ စစ်ပွဲအဆုံးသတ်ရေးတို့ကို မဆုတ်မနစ် လုပ်ဆောင်ခဲ့ကြောင်း” လည်း ဆိုပါတယ်။

အခုတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုနဲ့အတူ အရှေ့အလယ်ပိုင်းဟာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိနေပြီး ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့နဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအတွက် အနာဂတ်ဟာ ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာနဲ့ ဘေးကင်းရေး တန်းတူညီမျှ အတိုင်းအတာနဲ့ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုထားပါတယ်။

တနင်္လာနေ့က ဟားမတ်စ်တွေဟာ ဂါဇာမှ အစ္စရေးဓားစာခံတွေကို လွှတ်ပေးခဲ့ကာ အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသားတွေကို ဘတ်စ်ကားတွေနဲ့ အိမ်ပြန်ပို့ခဲ့အပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာတဲ့ ၂ နှစ်ကြာ စစ်ပွဲ အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013