Home
နိုင်ငံတကာ
ထရမ့်ပ်အစိုးရယန္တရား ရပ်ဆိုင်းနေချိန် အလုပ်ထုတ်ခံရသည့် ဝန်ထမ်း ၄,၀၀၀ ကျော်ရှိလာ
DVB
·
October 15, 2025
Photo: Reuters

အောက်တိုဘာ ၁ ရက်နေ့မှာ အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းသွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အလုပ်ထုတ်ပယ်ခံရတဲ့ ဖက်ဒရယ်ဝန်ထမ်းပေါင်း ထောင်နဲ့ချီရှိပြီ ဖြစ်ပါတယ်။

အခုလိုမျိုး ရာထူးဖယ်ရှားခံရတဲ့ အစိုးရဝန်ထမ်း အရေအတွက်ဟာ ၄,၂၇၈ ယောက်ထက်မနည်း ရှိတယ်ဆိုပြီး တရားရေးဌာနအနေနဲ့ ခန့်မှန်းထားပါတယ်။

ဒါဟာ ၇ နှစ်နီးပါးကာလအတွင်း ဖက်ဒရယ်အစိုးရလုပ်ငန်းတွေ ပထမဆုံး ရပ်တန့်ခဲ့တာဖြစ်ပြီး အချိန်နှစ်ပတ်ကျော် ရှိပြီဖြစ်တဲ့အပြင် ဘယ်လောက်ကြာဦးမယ် ဆိုတာပါ အတိအကျ မသိနိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အလုပ်အကိုင်လျှော့ချမှုကို အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတာကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြခဲ့ပါတယ်။

ဆီးနိတ် အထက်လွှတ်တော်မှာ ဖက်ဒရယ်အစိုးရအေဂျင်စီတွေရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေကြား သဘောတူညီချက် မရရှိသေးတဲ့အလျောက် အခုလိုမျိုး ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်ပ် အစိုးရအဖွဲ့က အလုပ်ထုတ်ပယ်တာမျိုး အပါအဝင် ဒီမိုကရက် နောက်ခံပြု အစီအစဉ်တွေကို ဖြတ်တောက်တဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံတွေအပေါ် ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အဲဒီနောက် ဒီမိုကရက်အမတ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွန်လျှော့ချပေးဖို့ တောင်းဆိုထားသလို ဖက်ဒရယ်အလုပ်သမားသမဂ္ဂတွေကလည်း အလုပ်ထုတ်ခံရတာကို ပယ်ဖျက်နိုင်ဖို့အတွက် တရားစွဲထားပါတယ်။

ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ် ဂျွန်ဆင် ကတော့ ဒီတခေါက် အစိုးရယန္တရား ရပ်ဆိုင်းမှုကို သမိုင်းတလျှောက် အကြာဆုံး ဖြစ်လာနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းမှာ အစိုးရလုပ်ငန်းလည်ပတ်မှု နောက်ဆုံးရပ်ဆိုင်းခဲ့ဖူးပြီး ဒါဟာ ထရမ့်ပ်ရဲ့ ပထမသက်တမ်းအတွင်း ဖြစ်သလို ၃၄ ရက်အထိ ကြာမြင့်ခဲ့တဲ့အလျောက် သမိုင်းတလျှောက် အရှည်ကြာဆုံးလည်း ဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်ကစလို့ အမေရိကန်အစိုးရ ယန္တရားရပ်ဆိုင်းမှု ၁၅ ကြိမ်အထိ ရှိခဲ့ရာမှာ ဝန်ထမ်းဦးရေ သိန်းနဲ့ချီကို လစာမဲ့ခွင့် ပေးခဲ့ရပါတယ်။

ထရမ့်ပ် ဒုတိယသက်တမ်း စတင်ချိန်မှာတော့ အရပ်ဘက်ဝန်ထမ်း ၂ သန်းလောက်ကို အလုပ်ခန့်အပ်ခဲ့ပြီး အဲဒီထဲက ၂၀ ရာခိုင်နှုန်းဟာ ဝါရှင်တန်ဒီစီ အပါအဝင် မေရီလန်းနဲ့ ဗာဂျီးနီးယား စတဲ့ပြည်နယ်တွေမှာ နေထိုင်နေ ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013