Home
မြန်မာသတင်း
မိုးကုတ်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်နေ
DVB
·
October 16, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်နေပြီး မန္တလေး-မိုးကုတ်လမ်းပိုင်း၊ ဖော့တောလမ်းဆုံဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့ကို သပိတ်ကျင်းဘက်နဲ့ နောင်ချိုဘက်တွေကနေ စစ်ကြောင်း ၂ ခုခွဲပြီး ထိုးစစ်ဆင်တာ လပိုင်းအထိ ကြာမြင့်လာပါတယ်။

အခုရက်ပိုင်း သပိတ်ကျင်းဘက်မှာရှိတဲ့ စစ်ကြောင်းက ဝါးဖြူတောင်ကို ထိန်းချုပ်ပြီးတဲ့နောက်  အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ မိုးကုတ်မြို့ဆီ သွားရာလမ်းဖြစ်တဲ့ ဖော့တောလမ်းဆုံကို စစ်တပ်က ထိန်းချုပ်ခဲ့တာပါ။

ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဖော့တောလမ်းဆုံကို ၁၃ ရက်နေ့ ညနေလောက်မှာ စကစ က ပြန်ရသွားတယ်။ တိုက်ပွဲတွေကတော့ အပြန်အလှန်ဖြစ်တယ်။  ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်၊ လမ်းလယ်ကျစ်၊ နောက်တော့ ဖော့တောကို ရသွားတယ်။ သူတို့ဘက်က တဖြည်းဖြည်းချင်း တိုးလာတာ။ ဒီဘက်ကလည်း မန္တလေး-PDF၊ မိုးကုတ်ဗျူဟာ၊ ပြင်ဦးလွင်ခရိုင်က တပ်တွေ၊ PLA၊ TNLA အပါအဝင် အဖွဲ့စုံ ဝိုင်းပြီးတိုက်နေကြပါတယ်။ ရန်သူဘက်ကလည်း Y12 တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီး၊ ငယ် အစုံပေါ့၊ ကြည်းကြောင်းကလည်း ပစတွေရောပါတယ်၊ အင်အားအတော်များတယ်” လို့ ပြောပါတယ်။

ဖော့တောလမ်းဆုံဟာ မိုးကုတ်-မန္တလေး ကားလမ်းပေါ်မှာ တည်ရှိပြီး မိုးကုတ်ကို ၄၄ မိုင်၊ သပိတ်ကျင်းမြို့နဲ့ဆိုရင် ၁၀ မိုင်ဝန်းကျင်၊ စဉ့်ကူးနဲ့ဆို မိုင် ၃၀ ဝန်းကျင်နဲ့ တကောင်းမြို့ကိုသွားရင် မိုင် ၅၀ ကျော် အကွာမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာ နေရာတခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဖော့တောကို ကျော်မလာသေးဘဲ တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ လမ်းလယ်ကျစ်နဲ့ ဇရပ်ကွင်းလို ရွာခံတွေ စစ်ဘေးရှောင်နေရပါတယ်။

နောင်ချိုဘက်က စစ်ကြောင်းကတော့ မိုးကုတ်အတက်လမ်းအစဖြစ်တဲ့ ရတနာသိင်္ဂီမိုင်းကနေ ရှေ့ဆက်မတိုးနိုင်သေးတဲ့အကြောင်း ရှေ့တန်းနဲ့ အဆက်အသွယ်ရှိတဲ့ ဒေသခံက အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ ပြောပါတယ်။

ပြင်ဦးလွင်ခရိုင်မှ စစ်ရေးရင်းမြစ်တယောက်က “ရတနာသိင်္ဂီကနေ အပေါ်ကို ဆက်မတိုးနိုင်တာပေါ့သူတို့၊ ဖော့တောကျော်ရင် ကျောက်လှည်းဘီးတို့၊ ညောင်ပင်သာတို့ ရှိတယ်ဗျ။ အဲရွာလေးတွေရှိမယ်၊ အပေါ်ဆက်တက်လာမှ စိန်ကုန်းတို့ ရွှေညောင်ပင်တို့ ဘက်တွေကို ရောက်မှာ ဝေးပါသေးတယ်။ မိုင် ၄၀ ကျော်ဆိုတော့လေ၊ သူတို့ ရုတ်တရက်ကြီးကတော့ နေ့ချင်း ညချင်းတော့ စစ်ကြောင်းမထိုးနိုင်ဘူးအစ်ကို” လို့ ပြောပါတယ်။

ဒါ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ဖော့တောလမ်းဆုံက ဒေသခံ ၁၀ ယောက်ထက်မနည်းကို စစ်တပ်က ပစ်သတ်ကြောင်းနဲ့ ဒရုန်းဗုံးချတာကြောင့် အမျိုးသမီး ၃ ယောက် သေဆုံးကြောင်း သတင်းတွေ ထွက်နေပေမဲ့ DVB က စုံစမ်းနေတုန်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မိုးကုတ်မြို့ကနေ ထပ်မံစစ်ရှောင်ကြသူ အနည်းငယ်ရှိနေသလို လေကြောင်းဗုံးကြဲတာနဲ့ အရင်စစ်ဘေးဒဏ်တွေအပြင် အခု ထပ်ပြီး မန္တလေး-မိုးကုတ်လမ်းပိုင်း ပိတ်ဆို့နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

မြို့ကုတ်မြို့ခံ အမျိုးသားတယောက်က “ကျနော်တို့မြို့မှာရှိတဲ့ ကုန်သည်တွေကပဲ ရှိလျက်သားနဲ့ ထုတ်မရောင်းတာလား ဆိုတာ သူတို့ကိုယ်တိုင်ပဲ သိမှာလေ။ လက်ရှိ ကျနော်တို့ ဆီဈေး လုံးဝ ထိုးတက်သွားတယ်။ ဆီဝယ်မရဘူး၊ ကုန်ကြမ်းတွေ ဝယ်မရဘူး။ ဆေးတွေ လိုသလို မရဘူးပေါ့နော်၊ ဒါကလည်း ဘယ်အချိန်ထိ ဖြစ်လာမလဲ မသိဘူး။ ပြီးတော့ မန္တလေး-မိုးကုတ် ကားခဆိုတာက ၅ သိန်းခွဲ ၆ သိန်းထိ ဖြစ်ပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ စီးပွားရေး အခြေအနေက လုံးဝကို ယိုင်သွားပြီ။ ယိုင်ထွက်သွားပြီ။ အကုန်လုံး ဟန်ဆောင်နေကြတဲ့ပုံစံမျိုး ဖြစ်နေပြီ။ အကုန် ခက်ခဲ အကုန်ကျပ်တည်း ကုန်ကြပြီဗျာ” လို့ ပြောပါတယ်။

လက်ရှိ မိုးကုတ်မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းတွေ မရတဲ့အပြင် ဓာတ်ဆီ တလီတာကို ကျပ် ၇,၀၀၀ အထိ ပေးဝယ်ခဲ့ရသလို လိုသလောက်ဝယ်မရကြောင်းနဲ့ မန္တလေး-မိုးကုတ်ခရီးဟာ အရင်က နေ့ချင်းပြန်ရပေမဲ့ အခုတော့ ၂ ညအိပ်လောက် သွားနေရတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုလက်ရှိ မြို့တွင်းဆက်လက်နေထိုင်သူတွေဟာ တခြားနေရာဆီ စစ်ရှောင်လို့ အဆင်မပြေသူ အများစုဖြစ်တာကြောင့် တိုက်ပွဲတွေ မြို့ထဲပြန်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013