
ကိုးကန့်တပ် MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၄၅ ယောက်ကို အောက်တိုဘာ ၁၄ ရက်က ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ ဗိုလ်မှူး ၃ ယောက်၊ ဗိုလ်ကြီး ၁ ယောက်၊ အရာခံဗိုလ် ၁ ယောက်၊ ဒုအရာခံဗိုလ် ၂ ယောက်၊ တကကစာရေး ၂ ယောက်၊ တပ်ကြပ်ကြီး ၇ ယောက်၊ တပ်ကြပ် ၄ ယောက်၊ ဒုတပ်ကြပ် ၄ ယောက်၊ တပ်သား ၁၅ ယောက်၊ ရဲတပ်ကြပ်ကြီး ၅ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက် ပါဝင်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
ကိုးကန့်တပ် MNDAA က ပြန်လွှတ်ပေးခဲ့တာ မှန်ကန်ပြီး တချို့မှာ အဆက်အသွယ်ရပြီး တချို့မှာ တပ်ရင်းတပ်ဖွဲ့နဲ့ အဆက်အသွယ် မရသေးဘဲ MNDAA က ပြန်လွှတ်ပေးတာ ၃ ကြိမ် ၄ ကြိမ် ရှိပြီလို့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“MNDAA က ပြန်လွှတ်ပေးတာ မှန်ပါတယ်။ ကြေးနန်းလည်း တပ်ကိုရောက်တယ်။ တချို့က မိသားစုနဲ့အတူ ပြန်နေကြတယ်။ တချို့ကတော့ အဆက်အသွယ်မရသေးဘူး။ ဘယ်လိုပုံစံနဲ့ ပြန်လွှတ်ပေးတယ်ဆိုတာ မသိရသေးဘူး။”
ပြန်လွှတ်ပေးခဲ့သူတွေမှာ ဗိုလ်မှူးကျော်ဇေယျ၊ ဗိုလ်မှူးမြင့်ဇော်ဦး၊ ဗိုလ်မှူးအောင်မြင့်ထွေး၊ ဗိုလ်ကြီးဇော်လွင်၊ အရာခံဗိုလ်အောင်မြင့်၊ ဒုအရာခံဗိုလ်ကျော်ကျော်၊ ဒုအရာခံဗိုလ်ကျော်အေးတို့ ဖြစ်ပါတယ်။
တပ်ကြပ်ကြီးစာရေး ၂ ယောက်မှာ အောင်မြင့်ခိုင်နဲ့ ဝင်းထွဋ်ဦး တို့ဖြစ်ပြီး တပ်ကြပ်ကြီး ၇ ယောက်မှာ မင်းဇော်ထွန်း၊ ကျော်ကျော်၊ အောင်မင်း၊ တင်ဦး၊ ကြာနေအောင်၊ ဆန်းလင်းနဲ့ ဟန်ထောင်တို့ ဖြစ်ပါတယ်။
တပ်ကြပ် ၄ ယောက်ဖြစ်တဲ့ တင်မောင်အေး၊ ကျော်ဝင်းထွန်း၊ ဗိုလ်ယု၊ ထွန်အေးနဲ့ ဒုတပ်ကြပ် ၄ ယောက်ဖြစ်တဲ့ ပိုင်နီဦး၊ ဇော်မြင့်၊ သန်းဝင်းအောင်၊ အောင်ဟန် တို့ကိုလည်း လွှတ်ပေးခဲ့ပါတယ်။
အလားတူ တပ်သားတွေဖြစ်တဲ့ မြင့်ကြည်၊ ခေါင်ထောင်း၊ ကျော်ဦး၊ သန့်ဇော်ဦး၊ ဇော်နိုင်ဝင်း၊ အန်ပရာဆို၊ ကျော်သက်၊ ညီညီလင်းမောင်၊ တင်ဇေယျာထွန်း၊ ကျော်ဇင်လတ်၊ ဝင်းထွန်း၊ သန့်ဝေယံ၊ ကောင်းထက်သွေး၊ ချစ်ဖူးနဲ့ သက်ဝေအောင်တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ရဲတပ်ကြပ်ကြီးတွေဖြစ်တဲ့ လွန်းထန်၊ သက်နိုင်၊ ရွှေထန်၊ ဇော်ဇော်ချိုနဲ့ ရဲတပ်ကြပ်ဝင်းအောင် အပါအဝင် ၅ ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
အဆိုပါ အရာရှိ စစ်သည်တွေဟာ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တနှစ်ကျော်မှ MNDAA အဖွဲ့က ပြန်လွှတ်ပေးတာလို့လည်း သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ရမခတိုင်းစစ်ဌာနချုပ် အခြေစိုက် လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ တရုတ်ရဲဖိ့အားကြောင့် စစ်ကောင်စီတပ်ကို ပြန်ပေးခဲ့ရပါတယ်။


