ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ စက်တင်ဘာ ၂၆ ရက် မနက်က အများပြည်သူရှေ့မှာ ပြစ်ဒဏ်စီရင်ပွဲလုပ်ခဲ့ပြီး ပြစ်မှုကြီးကျူးလွန်ခဲ့သူ ကိုးကန့် MNDAA တပ်ဖွဲ့ဝင် ၂ ယောက် အပါအဝင် ၃ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
အမှု ၄ ခုမှာ ပါဝင်သူ ၇ ယောက်ကို စီရင်ဆုံးဖြတ်တာဖြစ်ပြီး ဒီထဲမှာ MNDAA တပ်ဖွဲ့ဝင် ၃ ယောက်ပါဝယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း သိန္နီမှာ သေဒဏ်ရှိတယ်။ MNDAA ရောက်လာမှ သေဒဏ်ဆိုတာ မြင်ဖူးတယ်” လို့ ပြောပါတယ်။
သိန္နီခရိုင် မုန်ဘမြို့နယ်မှာနေတဲ့ ကျော်နိုင်လတ်ဟာ သူ့ရဲ့တူဖြစ်သူနဲ့ ခြေညှပ်ဖိနပ်တရံကို သူပိုင်တယ် ငါပိုင်တယ်လို့ငြင်းရင်း တူဖြစ်သူက တူရွင်းနဲ့ ဗိုက်ကိုရိုက်တာကြောင့် ဓားနဲ့ပြန်ခုတ်ပြီး လူသေဆုံးစေခဲ့လို့ သေဒဏ်ချခဲ့ပေမဲ့ ၂ နှစ်ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။
နောက်အမှုကတော့ MNDAA တပ်သား ဟန်လူမျိုး လီကျင်ဖူ ဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက သူ့ရဲ့ချစ်သူကို စစ်သုံးဓားနဲ့သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တာကြောင့် စစ်မှုထမ်းပြစ်မှုများ ကိုင်တွယ်ဖြေရှင်းရန် ယာယီစည်းမျဉ်းအရ တပ်ကထုတ်ပြီး သေဒဏ်ချမှတ်ပါတယ်။
နောက်ထပ်လည်း MNDAA တပ်သား ၂ ယောက်ဖြစ်တဲ့ ရန်ရှင်းဖား နဲ့ ကိုက်ညွှန်း တို့ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက အမဲလိုက်ပြီးပြန်လာတုန်း လမ်းဘေးကကုန်တင်ကားတစီးကို ဓားပြတိုက်ခဲ့ကြပြီး ကားမှာပါသူ ၂ ယောက်ကို သတ်ဖြတ်ခဲ့သလို ကားထဲက ဖုန်း၊ ပစ္စတိုနဲ့ ငွေသား စတဲ့ပစ္စည်းတွေကိုယူသွားခဲ့ကြပါတယ်။
ဒါကြောင့် ဦးဆောင်သူ ရန်ရှင်းဖား ကို တပ်ကထုတ်၊ သေဒဏ်ချမှတ်ပြီး ကိုက်ညွှန်းကိုတော့ တပ်ကထုတ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါတယ်။
နောက်အမှုတခုကတော့ တင်မိုးဝင်း၊ သုတကိုကိုနဲ့ ကောင်းဒွေးကျော်နဲ့ ဇော်ညီဝင်းတို့ဟာ နားမခေါ်ရွာက ဆိုင်ပိုင်ရှင်တယောက်ကို ပြန်ပေးဆွဲပြီး ငွေနဲ့ပြန်ရွေးချိန်မှာ အထူးဒေသရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအချိန် ပြန်ခုခံတာကြောင့် ရဲတွေက သေနတ်နဲ့ပစ်လို့ ဇော်ညီဝင်းက သေဆုံးခဲ့ပြီး ကျန် ၃ ယောက်ကိုတော့ ဖမ်းမိခဲ့ပါတယ်။
သူတို့ထဲက ဦးဆောင်သူ တင်မိုးဝင်ကို ထောင် ၁၅ နှစ်နဲ့ ဒဏ်ငွေ ယွမ် ၁ သောင်း၊ ကောင်းဒွေးကျော်နဲ့ သုတကိုကို တို့ကိုတော့ ထောင် ၁၂ နှစ်နဲ့ ယွမ် ၆,၀၀၀ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။ သေဆုံးသူ ဇော်ညီဝင်းကိုတော့ ပြစ်ဒဏ်ချမှတ်တာမလုပ်ခဲ့ပါဘူး။
သေဒဏ်ချမှတ်ခံရသူတွေကို သေဒဏ်စီရင်ရာနေရာကို ပို့ဆောင်ပြီး သေနတ်နဲ့အဆုံးစီရင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ ကားနဲ့တင်ပြီး မြို့နေလူထုကိုပြသခဲ့တယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) က လားရှိုးကို ထိန်းချုပ်ထားတုန်းကာလ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း ကြီးကြီးမားမား ပြစ်မှုကျူးလွန်သူ ၆ ယောက်ထဲက ၄ ယောက်ကို သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် ကလည်း လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ယောက်ထဲက ၇ ယောက်ကို MNDAA က သေဒဏ်စီရင်ခဲ့သလို ၂၀၂၄ ခုနှစ် ဧပြီလမှာလည်း ရာဇဝတ်မှု ကျူးလွန်သူ ၁၀ ယောက်ကို သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။















