
ဗြိတိန် နာမည်ကျော် ပြုပြင်ပြောင်းလဲရေးပါတီ Reform UK ရဲ့ ခေါင်းဆောင် နိုက်ဂျဲလ်ဖဲရာ့ဂျ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အာဖဂန်နိုင်ငံသား တယောက်ကို ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ပြီး အောက်တိုဘာ ၁၄ ရက်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
တရားသူကြီး ကယ်ရန် စတေးယ်န်က ခန်းကို သတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုနဲ့ သီးခြားစွဲချက်ဖြစ်တဲ့ ဗြိတိန်ကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းမှု အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ တင်ခဲ့တဲ့ Tik Tok ဗီဒီယိုထဲမှာ ဖဲရာ့ဂျ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်မှု တကြိမ်တည်းသာ ပြုလုပ်ဖူးတဲ့ ဖယာ့ဇ်ခန်းကို ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်မြို့ ဆောက်သ်ဝါ့ခ် ခရောင်းန်တရားရုံးမှာ ဂျူရီလူကြီးအဖွဲ့က စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဖယာ့ဇ်ခန်းဟာ နိုက်ဂျဲလ်ဖဲရာ့ဂျ် ရဲ့ ဗီဒီယိုတခုကို တုံ့ပြန်တဲ့အနေနဲ့ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူ့မျက်နှာပေါ်မှာ AK-47 ချေမှုန်းရေးရိုင်ဖယ်ပုံ တက်တူးထိုးထားတဲ့ ခန်းဟာ ပါးစပ်ကနေ ဖောက်-ဖောက် အသံတွေထွက်ပြပြီး သေနတ်ကိုင်ထားတဲ့ အမူအရာ လုပ်ပြခဲ့တာပါ။
ခန်းဟာ သူအဖမ်းခံရပြီးနောက်မှာ အဲဒီဗီဒီယိုဟာ အစစ်အမှန် ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ ရဲကို ပြောဆိုပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတာကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ဖဲရာ့ဂျ် ကတော့ ခန်းရဲ့ ခြိမ်းခြောက်မှုအပေါ် သူတကယ်စိုးရိမ်ကြောင်း သက်သေပြခဲ့ပြီး ဗီဒီယိုကိုလည်း ကြောက်စရာကောင်းတယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။
Reform UK ပါတီခေါင်းဆောင် နိုက်ဂျဲလ်ဖဲရာ့ဂျ်ကတော့ တရားသူကြီးဟာ ပေးနိုင်သမျှ အမြင့်ဆုံးပြစ်ဒဏ် စီရင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စီရင်ချက်ချတာကို ကျေနပ်ပေမယ့် ဒီလူဟာ ၁၈ လ အတွင်း ပြန်လွတ်မြောက်သွားမှာကိုလည်း လေးလေးနက်နက် စိုးရိမ်မိကြောင်း ပြောပါတယ်။
ခန်းရဲ့ ခိုလှုံခွင့်တောင်းခံမှုကို စိစစ်မှု လုပ်နေချိန်မှာ သူဟာ လမ်းတွေပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာကိုတော့ စိုးရိမ်တယ်လို့ ဆိုပါတယ်။
Source: Reuters


