
ရှီကာဂိုမှာ ဝင်ရောက်စီးနင်းမှုတွေလုပ်နေတဲ့ ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေး အရာရှိတွေရဲ့ ဘေးကင်းရေး ထိထိရောက်ရောက် မဆောင်ရွက်ပေးတဲ့ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ရှီကာဂို မြို့တော်ဝန်တို့ကို ထောင်ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။
မြို့တော်ဝန်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကန့်ကွက်နေတဲ့ကြားက အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၅၀၀ ရှီကာဂိုမြို့အနီး ရောက်ရှိလာချိန်မှာပဲ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
ဒီမိုကရက်ပါတီဝင်တွေဖြစ်ကြတဲ့ မြို့တော်ဝန် ဘရန်ဒန်ဂျွန်ဆင်နဲ့ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ဇ်ကာတို့ဟာ ICE လို့ အတိုကောက်ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စိုးမိုးရေး အရာရှိတွေကို ကာကွယ်ဖို့ ပျက်ကွက်တဲ့အတွက် ထောင်ချသင့်တယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရှီကာဂိုမြို့တော်ဝန် ဂျွန်ဆင်က “ထရမ့်ပ်ဟာ လူမည်းတဦးကို မတရားဖမ်းဆီးဖို့ ကြိုးစားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ ကျနော် ဘယ်ကိုမှ ထွက်မသွားဘူး” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး ပရစ်ဇ်ကာ ကလည်း ထရမ့်ပ်ရဲ့လုပ်ရပ်တွေဟာ အာဏာရှင်စနစ်ဆီ သွားနေတဲ့လမ်းကြောင်း ဖြစ်တယ်လို့ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။
မြို့တော်ဝန် ဂျွန်ဆင်ဟာ အစောပိုင်းကလည်း ရှီကာဂိုမြို့ကို “ICE Free Zone” အဖြစ် သတ်မှတ်တဲ့ အမိန့်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ မြို့ရဲ့ပိုင်ဆိုင်မှုတွေကို အသုံးမပြုဖို့ တားမြစ်ခဲ့ပါတယ်။
အခုလို အစောင့်တပ်တွေ စေလွှတ်တာကို တားဆီးဖို့ ပြည်နယ်အစိုးရနဲ့ ရှီကာဂိုမြို့ဘက်က တရားစွဲဆိုထားပြီး ကြာသပတေးနေ့မှာ ကြားနာမှုတခု ပြုလုပ်ဖို့ ရှိနေပါတယ်။
တကယ်လို့ တရားရုံးတွေက သူ့ရဲ့စေလွှတ်မှုကို တားဆီးခဲ့ရင် ပုန်ကန်မှုဆိုင်ရာ အက်ဥပဒေ လို့ခေါ်တဲ့ အရေးပေါ်အက်ဥပဒေကိုသုံးပြီး စစ်တပ်ကိုပါ အသုံးပြုသွားမယ်လို့လည်း ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
ရှီကာဂိုမြို့အပြင် လော့စ်အင်ဂျလိစ်နဲ့ ဝါရှင်တန်ဒီစီလို ဒီမိုကရက်ပါတီ အာဏာရတဲ့ မြို့တွေမှာလည်း အလားတူ အစောင့်တပ်တွေ စေလွှတ်ထားတာကြောင့် ပြည်ထောင်စုအစိုးရနဲ့ ဒေသန္တရအစိုးရတွေကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။