
TikTok ရဲ့ လုပ်နည်းစနစ် (algorithm) ဟာ ကလေးငယ်တွေ အကောင့်တွေမှာပါ အရွယ်ရောက်ပြီးသူတွေနဲ့သာ သင့်တော်တဲ့ ကာမရာဂနှိုးဆွတဲ့ ပုံရိပ်တွေ၊ လိင်မှုအသားပေး အကြောင်းအရာတွေကို ညွှန်းဆိုပြသ (recommend) လုပ်ပေးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တခုရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ်။
Global Witness အဖွဲ့ရဲ့ သုတေသနပညာရှင်တွေက ကလေးအကောင့်တွေ ဖွင့်ပြီးတော့ ဘေးကင်းရေးသတ်မှတ်ချက် (safety settings) တွေ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တွေအဖြစ် အကောင့်တုတွေ ဖန်တီးခဲ့ပြီး ဘေးကင်းအောင် ကန့်သတ်ပေးထားတဲ့ “restricted mode” ကို ဖွင့်ထားခဲ့ပေမဲ့ ဒီလိုအကြံပြုချက်တွေ ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ အကြံပြုရှာဖွေမှု ဝေါဟာရ အသုံးအနှုန်းတွေကနေတဆင့် လိင်ဆက်ဆံမှုကို တစ်တစ်ခွခွ ဖော်ပြထားတဲ့ ဗီဒီယိုတွေ အပါအဝင် လိင်မှုအသားပေး အကြောင်းအရာတွေဆီကို ရောက်ရှိသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။
“TikTok ဟာ ကလေးတွေကို မသင့်တော်တဲ့ အကြောင်းအရာတွေဆီ မရောက်အောင် တားဆီးဖို့ ပျက်ကွက်ရုံတင်မကဘဲ သူတို့ အကောင့်စဖွင့်တာနဲ့ ဒါတွေကို ညွှန်းဆိုနေတာပါ” လို့ Global Witness အဖွဲ့က ပြောပါတယ်။
ဒီတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး TikTok ကို အကြောင်းကြားခဲ့ပေမဲ့ နောက်တကြိမ် ထပ်မံစမ်းသပ်ချိန်မှာလည်း ပြဿနာက ရှိနေဆဲဖြစ်တာကို တွေ့ခဲ့ရကြောင်း အဖွဲ့က ပြောပါတယ်။
TikTok ဘက်ကတော့ ဒီကိစ္စကို သိရှိပြီးနောက်မှာ မူဝါဒချိုးဖောက်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားပြီး ရှာဖွေမှု အကြံပြုချက်စနစ်ကို တိုးမြှင့်ပြင်ဆင်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Global Witness အဖွဲ့ကတော့ ကလေးငယ်တွေကို အွန်လိုင်းမှာ ဘေးကင်းစေဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဝင်ရောက်ထိန်းကျောင်းဖို့ အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
Source:Reuters


