
နီပေါမှာ ဆိုရှယ်မီဒီယာပိတ်ပင်မှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ Gen Z တော်လှန်ရေးကြီး ဖြစ်လာခဲ့ပြီး အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါကြောင့် Gen Z တွေ မကျေနပ်ကြတဲ့ #NepoKids ဆိုတာ ဘယ်လိုလူတန်းစားလဲ၊ Tik Tok ကနေ တော်လှန်ရေးတခု ဘယ်လို မွေးဖွားလာသလဲ၊ နီပေါစစ်တပ်ဟာ မြန်မာပြည်က အောက်တန်းစားစစ်တပ်လို အာဏာ အချောင်ဝင်မနှိုက်ဘဲ တိုင်းပြည်ကို ဘယ်လိုကာကွယ်စောင့်ရှောက်ပေးခဲ့သလဲဆိုတာ တင်ပြပေးချင်ပါတယ်။
အခွင့်ထူးခံတို့ရဲ့ကမ္ဘာနဲ့ Gen Z တို့ရဲ့ ဒေါသမီး
ဟိမဝန္တာတောင်တန်းကြီးတွေရဲ့ အလယ်က ဧဝရတ်တောင် တည်ရှိတဲ့နိုင်ငံ၊ ကမ္ဘာ့အမြင့်ဆုံး တောင်ထွတ် ၁၀ ခုမှာ ၇ ခုရှိတဲ့နိုင်ငံ၊ မြတ်ဗုဒ္ဓဖွားမြင်ရာအရပ်၊ ကမ္ဘာမှာ တခုတည်းသော ထောင့်မှန်စတုဂံ မကျတဲ့အလံ ရှိတဲ့နိုင်ငံ။ ရဲရင့်တဲ့ ဂေါ်ရခါးစစ်သည်တော်တွေနဲ့ တွဲပြီး ကမ္ဘာက သိတဲ့ နီပေါနိုင်ငံ။ ဒီလို သမိုင်းအစဉ်အလာကောင်းတွေနဲ့ ရေခံမြေခံကောင်းတွေ ပိုင်ဆိုင်ထားပေမဲ့ ဒီနိုင်ငံရဲ့ အဓိကပို့ကုန်ကတော့ လူငယ်တွေပဲ ဖြစ်နေခဲ့တာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံ့ GDP ရဲ့ သုံးပုံတပုံကျော်ဟာ ပင်လယ်ကွေ့၊ မလေးရှားနဲ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေက အိမ်ပြန်ပို့တဲ့ငွေအပေါ်မှာပဲ မှီခိုနေရတာဖြစ်ပါတယ်။ ဘုရားကျောင်းကန်တွေနဲ့ တောင်တန်းတွေရဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ အပေါ်ယံမျက်နှာပြင် အောက်မှာတော့ မျိုသိပ်ထားရတဲ့ မကျေနပ်မှုတွေကို အခြေခံထားတဲ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့ တော်လှန်ရေးမီးပွားတခုဟာ တိတ်တဆိတ် တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ အစိုးရက အဲဒီမီးပုံထဲကို ဆီလောင်းထည့်လိုက်တဲ့အခါမှာတော့ နိုင်ငံကိုပါ လောင်မြိုက်သွားစေခဲ့ပါတယ်။ နည်းပညာကုမ္ပဏီတွေကို “တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့” နဲ့ သတင်းအမှားတွေ ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုရှယ်မီဒီယာ ၂၆ ခုကို အလုံးစုံ ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ နီပေါလူငယ်တွေအတွက်တော့ ဒါဟာ သူတို့ရဲ့ ကမ္ဘာတခုလုံးကို စစ်ကြေညာခံလိုက်ရတာပါပဲ။
TikTok တို့ X တို့ အပါအဝင် လူမှုကွန်ရက်တွေမှာ အကြောင်းအရာတခုတည်းကို စုစည်းပေးထားတဲ့ စကားလုံး Hashtag တခု အရှိန်အဟုန်နဲ့ ပျံ့နှံ့ခဲ့တာ လနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ “#NepoKids” ဒါမှမဟုတ် “NepoBabies” ဆိုတဲ့ Hashtag ကို သုံးတဲ့ ဒီလှုပ်ရှားမှုဟာ နီပေါ လူမှုအဖွဲ့အစည်းထဲက နက်ရှိုင်းတဲ့ပြဿနာကို အမှန်အတိုင်း ဖော်ထုတ်ပြနေပါတယ်။ ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ (Nepotism) ဆိုတဲ့ စကားလုံးနဲ့ ကလေးတွေလို့ အဓိပ္ပာယ်ရတဲ့ Kids တို့ Babies တို့နဲ့ ပေါင်းထားတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ မြန်မာလို အလွယ်ပြောရရင်တော့ အခွင့်ထူးခံနေကြတဲ့ လူကြီးသားသမီးတွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ ချမ်းသာကြွယ်ဝမှုကိုပဲ ပြောနေတာမဟုတ်ဘဲ အဲဒီစည်းစိမ်ဥစ္စာတွေ ဘယ်လို ရလာသလဲ ဆိုတဲ့ ကိစ္စကိုပါ မေးခွန်းထုတ်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Gen Z လို့ခေါ်တဲ့ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မွေးကြသူတွေ၊ တနည်းပြောရရင် ဒီကနေ့ခေတ်မှာ လူငယ် ဖြစ်နေကြသူတွေအတွက်တော့ ဒီအခွင့်ထူးခံ Nepokids တွေဟာ အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းသူတွေ ဖြစ်လာပါတယ်။ Gen Z လူငယ်တယောက်က အမေအိုကို ထောက်ပံ့ဖို့၊ ညီမလေးကို ကျောင်းထားဖို့ ကာတာမှာ သက်စွန့်ဆံဖျား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သွားလုပ်နေတဲ့ အချိန်မှာ နိုင်ငံရေးသမားတယောက်ရဲ့ သားက ဒေါ်လာ ၅,၀၀၀ တန် ဒီဇိုင်နာ နာရီတလုံးနဲ့ ဟန်ရေးပြနေပါတယ်။ ကျေးလက်ဒေသက မိသားစုတစုက ချမ်းအေးလွန်းတဲ့ဒဏ်ကို အန်တုဖို့ စုတ်စုတ်ပြတ်ပြတ် ဝတ်စားပြီးတော့ မီးပုံဘေးမှာ စုဝေးနေကြချိန်မှာ ဝန်ကြီးတဦးရဲ့ သမီးကတော့ အလှဆုံးဝတ်စုံတွေ ဝတ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ဝှဲချီးကျင်းပနေပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရဲ့ ခမ်းနားတဲ့ လူနေမှုဘဝတွေဟာ သန်းပေါင်းများစွာသော ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကြမ်းတမ်းတဲ့ ဘဝတွေကို စော်ကားနေသလိုပါပဲ။ ဒီပုံရိပ်တွေဟာ TikTok နဲ့ X လို လူမှုကွန်ရက်တွေမှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားပြီး Gen Z လူငယ်တွေကို ပေါက်ကွဲစေခဲ့ပါတယ်။
ဘူတန်ဒုက္ခသည် လိမ်လည်မှုလိုမျိုး အရှုပ်တော်ပုံတွေကလည်း ဒီဒေါသကို ပိုကြီးထွားစေပါတယ်။ ဘူတန်ကနေ နှင်ထုတ်ခံရတဲ့ နီပေါဒုက္ခသည်တွေကို အနောက်နိုင်ငံတွေမှာ နေရာချထားခွင့်ပေးတဲ့ အစီအစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခသည်အဖြစ် စာရင်းလိမ်သွင်းပြီး နိုင်ငံခြားကို သွားချင်ရင် အာဏာရှိသူတွေကို ပိုက်ဆံသန်းချီ လာဘ်ထိုးရတယ်လို့ ဆိုပါတယ်။ ဒါမျိုးက အကျင့်ပျက်ခြစားတဲ့ နီပေါနိုင်ငံရေးလောကအကြောင်း လူသိသွားတဲ့ ဖြစ်ရပ်အနည်းအကျဉ်းထဲက တခုလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
အစိုးရက ပိတ်ပစ်ဖို့ ကြိုးစားခဲ့တဲ့ ဆိုရှယ်မီဒီယာဟာ လူငယ်တွေအတွက် ဇိမ်ခံပစ္စည်းမဟုတ်ဘဲ အသက်သွေးကြောတခု ဖြစ်နေပါတယ်။ လူမှုကွန်ရက် ဆိုတာဟာ ပြည်ပမှာ အလုပ်ရှာဖို့ သုံးတဲ့ ကိရိယာ၊ ဒူဘိုင်းက သားဆီကို မိခင်တယောက်က ဗီဒီယိုကောလ်ခေါ်တဲ့ ကြားခံပစ္စည်း၊ မြို့က တက္ကသိုလ်မှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတယောက်အတွက် အွန်လိုင်းသင်တန်း၊ ပြီးတော့ သဘောထားကွဲလွဲမှုတွေကို ဆင်ဆာမပါဘဲ ပြောဆိုနိုင်တဲ့ ဟစ်တိုင်တခု ဖြစ်ပါတယ်။ ဒီပိတ်ပင်မှုဟာ အဆင်မပြေမှုတခု သက်သက်မဟုတ်ဘဲ နီပေါလူငယ်တွေရဲ့ ကမ္ဘာကြီးနဲ့ရော၊ တယောက်နဲ့တယောက်ပါ အဆက်အသွယ်ဖြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားမှု ဖြစ်ပါတယ်။ သူတို့ကို မျက်ကန်းတွေဖြစ်အောင်၊ အသံတိတ်သွားအောင် လုပ်တာပါ။ အဲဒီမှာ စတင်လောင်မြိုက်တော့တာပါပဲ။
အမည်မဖော်လိုတဲ့ ဆန္ဒပြသူတဦးက “ဒါဟာ နီပေါက မျိုးဆက်သစ်တွေရဲ့ ဆန္ဒပြပွဲပါ။ တိုင်းပြည်မှာ ကျွန်စနစ်ပုံစံအသစ်တခုကို ထူထောင်နေကြပြီ။ နီပေါလူငယ်တွေ ရောင်းစားခံနေရတယ်။ အရာရှိကြီးတွေက အာဏာကို အလွဲသုံးစားလုပ်နေတယ်။ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်” လို့ ပြောပါတယ်။
လူမှုကွန်ရက်နဲ့ လမ်းမများပေါ်က တော်လှန်ရေး
တုံ့ပြန်မှုတွေ မြန်ဆန်သလို လူငယ်တွေပီပီ တီထွင်ဆန်းသစ်နိုင်စွမ်းတွေလည်း ရှိခဲ့ကြပါတယ်။ Telegram နဲ့ Signal လို လျှို့ဝှက်ဆက်သွယ်နိုင်တဲ့ အက်ပလီကေးရှင်းတွေ သုံးပြီး ချိတ်ဆက် စုဝေးခဲ့ကြတဲ့ သောင်းချီတဲ့ လူငယ်တွေ ခတ္တမန္ဒူမြို့ လမ်းတွေပေါ်ကို လျှံကျလာခဲ့ပါတယ်။ ဒါကို “Gen Z ဆန္ဒပြပွဲ” လို့ ခေါ်ခဲ့ကြတယ်။ သူတို့ရဲ့ ငြိမ်းချမ်းပြီး စနစ်တကျရှိတဲ့ တောင်းဆိုမှုတွေကို အစိုးရက အလွန်အကျွံ အင်အားသုံးပြီး ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။
ဆန္ဒပြပွဲရဲ့ ပထမဆုံးနေ့ဟာ သွေးထွက်သံယိုမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ လူ ၁၉ ဦး သေဆုံးခဲ့အပြီးမှာ လူထုဒေါသဟာ ပေါက်ကွဲထွက်သွားခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုဟာ တနိုင်ငံလုံးကို လှုပ်နှိုးလိုက်ပြီး မမျှော်လင့်ထားတဲ့ နေရာတွေကနေ ထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ ရှိရင်းစွဲ နိုင်ငံရေးပါတီကြီးတွေရဲ့ လွှမ်းမိုးမှုကို ချိုးဖျက်နိုင်ခဲ့သူ၊ လူထုထောက်ခံမှုရထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ကနေ ခတ္တမန္ဒူ မြို့တော်ဝန် ဖြစ်လာသူ ဘာလန် ရှား ကလည်း ဆန္ဒပြသူတွေနဲ့ တသားတည်းရှိကြောင်း ပြတ်ပြတ်သားသား ကြေညာခဲ့ပါတယ်။ အစိုးရရဲ့ အကြမ်းဖက် ဖြိုခွင်းမှု ကိုယ်တိုင်ကိုယ်က ဆန္ဒပြသူတွေ တိုက်ပွဲဝင်နေတဲ့ အကြောင်းအရင်းကို သက်သေပြနေပါတယ်။ အာဏာကို ဆုပ်ကိုင်ထားတဲ့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ်တွေရဲ့ အသံကို နားမထောင်ဘဲ မျက်ကွယ်ပြုထားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ဆန္ဒပြကျောင်းသား ဆာဘင် တာမန်က “ကျနော်တို့နိုင်ငံ တိုးတက်ဖို့ဆိုရင် ကိုယ်နဲ့ နီးစပ်ရာလူတွေ၊ ကိုယ့်လူတွေကိုပဲ ရွေးမယ့်အစား လူကောင်းလူမှန်ကို ရွေးဖို့လိုပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို အတွေးအခေါ်ကောင်းပြီး တကိုယ်ကောင်းမဆန်တဲ့ လူမျိုးရဲ့လက်ထဲကိုပဲ အပ်ရမှာပါ” လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ပါတယ်။ နောက်ပိုင်းမှာ Gen Z ဆန္ဒပြ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကြီး ခိုးယူခံရပြီလို့ ပြောခဲ့ကြပါတယ်။ အစိုးရက လူထုအုံကြွမှုကို အသရေဖျက်ဖို့ရာမှာ သုံးတဲ့ အခွင့်အရေးသမား ဆိုသူတွေနဲ့ ‘မင်းမဲ့ဝါဒီအုပ်စုတွေ’ လို့ စွပ်စွဲခံရသူတွေ တကယ်ပဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းတဲ့လူထုဆန္ဒပြပွဲကြီးတွေကို ဖျက်ဆီးဖို့ သုံးနေကျ နည်းဗျူဟာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဖျက်ဆီးမှုတွေကိုယ်တိုင်ကပဲ တိုင်းပြည်ရဲ့ အတွင်းလှိုက် ခြစားပျက်စီးမှုကို ပုံဆောင်ပေးတဲ့ ဥပမာတရပ် ဖြစ်လာပါတယ်။ လွှတ်တော်ကြီးကို မီးလျှံတွေ ဝါးမျိုသွားခဲ့တယ်။ တရားမျှတမှုကို ဖော်ဆောင်ရမယ်ဆိုတဲ့ တရားရုံးချုပ်မှာလည်း အမှုတွဲဖိုင်တွေဟာ ပြာဖြစ်ကုန်ပါတယ်။ နီပေါကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းဟာ နာရီပိုင်းအတွင်းမှာ ပြိုကျသွားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးကစပြီး တခြားဝန်ကြီးတွေ တယောက်ပြီးတယောက် လိုက်နုတ်ထွက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ မီးလျှံတွေကြားက မြို့တော်နဲ့ တော်လှန် Gen Z မျိုးဆက်တွေရဲ့ ဖိအားကြောင့် ဝန်ကြီးချုပ် ကေပီရှာမာအိုလီလည်း ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ သူ့ရဲ့နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဦးခေါင်းဖြတ်လိုက်သလို ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အာဏာ လေဟာနယ်တခု ကျန်ရစ်ခဲ့ပါတယ်။
နီပေါစစ်ဦးစီးချုပ် အာရှော့ခ်ရာ့ဂ်ျဆစ်ဂ်ဒယ်လ်က “ကျနော်တို့အတွက် အဓိကအကျဆုံးအချက်၊ ပြီးတော့ ကျနော်တို့အားလုံးရဲ့ ဘုံတာဝန်ကတော့ လက်ရှိကြုံတွေ့နေရတဲ့ ခက်ခဲတဲ့အခြေအနေကို ဖြေရှင်းဖို့ပါပဲ။ အမျိုးသားရေးအမွေအနှစ်တွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ၊ သာမန်ပြည်သူတွေနဲ့ သံတမန်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ရင်း ပြည်သူလူထုကို လုံခြုံမှုရှိတယ်လို့ ခံစားရအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံကို ဒီ ပုံမှန်မဟုတ်တဲ့ အခြေအနေကနေ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဆန္ဒပြနေတဲ့အဖွဲ့တွေကို ဆန္ဒပြမယ့်အစီအစဉ်တွေ ဖျက်သိမ်းပြီး ဆွေးနွေးပွဲတွေဆီ လာရောက်ဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ အမိမြေ တည်တံ့ပါစေ၊ နိုင်ငံတော် တည်တံ့ပါစေ” လို့ ပြောပါတယ်။
ခေါင်းဆောင်မှုရှာပုံတော်
အစိုးရမရှိတော့တဲ့ နီပေါဟာ ချောက်ကမ်းပါးထဲကျဖို့ လက်တလုံးအလို အခြေအနေ ရောက်လာပါတယ်။ အဲဒီအချိန်မှာ မပြိုလဲဘဲ ကျန်ရစ်ခဲ့တဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်က အရေးပါလာပါတယ်။ စည်းကမ်းလိုက်နာမှုကြောင့် လေးစားခံရပေမဲ့ သွေးထွက်သံယိုမှု များခဲ့တဲ့ ဆယ်စုနှစ်ကြာ ပြည်တွင်းစစ်ကာလ အခန်းကဏ္ဍကြောင့် ကြောက်ရွံ့ခံရတဲ့ နီပေါစစ်တပ်ဟာ ခတ္တမန္ဒူ တမြို့လုံးမှာ နေရာယူခဲ့ပါတယ်။ လမ်းတွေပေါ်မှာ စစ်တပ် ရောက်နေပြီ ဆိုတာကိုက နီပေါရဲ့ ဒီမိုကရေစီ ပျက်စီးလွယ်နေပြီဆိုတဲ့ အခြေအနေကို သတိပေးရာ ရောက်နေပါတယ်။ အခြေအနေတွေ အရမ်းဆိုးခဲ့ပါတယ်။ နိုင်ငံရဲ့ သမိုင်းတလျှောက် အကြီးမားဆုံး ထောင်ဖောက်မှုဖြစ်ပြီး အကျဉ်းသား ၁၅,၀၀၀ ကျော် လွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Gen Z လူငယ်ခေါင်းဆောင် ဂျူနယ်လ် ဂါဒယ်လ်က “တိုင်းပြည်အတွက် အခုချိန်မှာ တာဝန်ယူနိုင်စွမ်းရှိတဲ့ အုပ်ထိန်းသူတယောက် အရေးတကြီး လိုအပ်နေပါတယ်။ နိုင်ငံကို ဘေးကင်းကင်းနဲ့ တည်ငြိမ်အောင် ထိန်းကျောင်းပေးနိုင်ဖို့အတွက် ဥပဒေနဲ့ တရားရေးရာ ကိစ္စတွေကို ကောင်းကောင်းနားလည်ပြီး ရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရပါမယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ မကြုံစဘူး အခြေအနေတခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ရဲရင့်တဲ့ ဂေါ်ရခါး စစ်သည်တော်တွေကြောင့် သမိုင်းအစဉ်အလာကောင်းနဲ့ ထင်ရှားတဲ့ နီပေါစစ်တပ်ဟာ မြန်မာပြည်က အောက်တန်းစားစစ်တပ်လို အာဏာ အချောင်ဝင်မနှိုက်ခဲ့ပါဘူး။
နီပေါစစ်ဦးစီးချုပ်က ရှေ့ဆက်ရမယ့်လမ်းကို ပုံဖော်ဖို့အတွက် Gen Z လှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တွေနဲ့ရော၊ သက်ဆိုင်သူတွေနဲ့ပါ တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းမှုတွေ စတင်ခဲ့ပါတယ်။ အဓိကကတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ အခိုက်အတန့်တခုလို့ ဆိုရမှာပါ။ လူဦးရေ သန်း ၃၀ ရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့အတွက် Tik Tok ပေါ်မှာ မွေးဖွားလာတဲ့ လူငယ်လှုပ်ရှားမှုနဲ့ စစ်ဘက်ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။
နာမည်တော်တော်များများ ထွက်ပေါ်လာခဲ့ပါတယ်။ နီပေါရဲ့ ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်ပြီး အဂတိကင်းစင်မှုနဲ့ သမာသမတ်ကျမှုကြောင့် နာမည်ကျော်ကြားတဲ့ ဆူရှီလာ ကာကီကို ကြားဖြတ်အစိုးရခေါင်းဆောင်ခန့်ဖို့ Gen Z အင်အားစု ကိုယ်စားလှယ်တချို့က တိုက်တွန်းခဲ့ပါတယ်။ Gen Z တွေရဲ့ အသံကို နားထောင်ပြီးတော့ နီပေါစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာရှော့ခ် ရာ့ဂ်ျ ဆစ်ဂ်ဒယ်လ် ကိုယ်တိုင် ဝင်ညှိပေးခဲ့ပါတယ်။ ဒီရွေးချယ်မှုကို လူကြိုက်များတဲ့ မြို့တော်ဝန် ဘာလန် ရှား ကလည်း ချက်ချင်း ထောက်ခံခဲ့တာကြောင့် Gen Z အုပ်စု၊ စစ်တပ်၊ အဓိကကျတဲ့ တသီးပုဂ္ဂလ နိုင်ငံရေးသမားတဦးနဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟောင်း အကြားမှာ အားကောင်းတဲ့ သဘောတူညီမှုတခု ရရှိခဲ့တာဖြစ်ပါတယ်။ ဒါတောင်မှ ရှိရင်းစွဲ ပါတီကြီးတွေက လွှတ်တော်ဖျက်သိမ်းရေးကို ကန့်ကွက်ခဲ့တာကြောင့် အကျေအလည် ဆွေးနွေးခဲ့ရပါသေးတယ်။
ပြာပုံကြားက အရုဏ်သစ်
ခတ္တမန္ဒူမြို့တော် အခြေအနေတွေ ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။ စစ်တပ်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းနေချိန်မှာ Gen Z တွေက မြို့တော်ကို သန့်ရှင်းရေး လုပ်ပေးနေကြပါတယ်။ ဒါဟာ ခေတ်ဟောင်းကို ပြာချပြီးရင် ခေတ်သစ်ကိုတည်ဆောက်ဖို့ သန့်ရှင်းရေးလုပ်ရမယ်ဆိုတဲ့ နိမိတ်ပုံကို ကိုယ်စားပြုနေပါတယ်။
နီပေါယာယီဝန်ကြီးချုပ် ဆူရှီလာ ကာကီက “အခြေအနေတွေအရ ကျမ ဒီတာဝန်ယူခဲ့ရတာ ဖြစ်တယ်။ လိုချင်လွန်းလို့ ဒီရာထူးကို ယူထားတာ မဟုတ်ဘူး။ လမ်းပေါ်က လူထုအသံတွေက ‘ဆူရှီလာ ကာကီကို တာဝန်ပေးပါ’ လို့ တောင်းဆိုခဲ့ကြတဲ့အတွက် ဒီတာဝန်ကို ယူခဲ့ရတာပါ။ ဒါကြောင့် ကျမအဖွဲ့နဲ့ လက်တွဲလုပ်နေတာဖြစ်ပြီး အာဏာကို လာမြည်းစမ်းဖို့ ရောက်နေတာ မဟုတ်ပါဘူး။ ကျမအသက်အရွယ်အရလည်း မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံအတွက် အလုပ်အကျွေးပြုဖို့ ရောက်နေတာဖြစ်ပြီး ခြောက်လပဲ ဒီမှာ နေမှာပါ။ အဲဒီထက်ပိုပြီး နေမှာ မဟုတ်ပါဘူး။ တာဝန်တွေအားလုံးကို အပြီးသတ် ဆောင်ရွက်ပြီးရင် လာမယ့်နှစ် မတ်လ ၅ ရက်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး အစိုးရအဖွဲ့သစ်ရဲ့ ဝန်ကြီးတွေနဲ့ လွှတ်တော်ကို အာဏာပြန်လွှဲပေးသွားမှာပါ။ ဒါဟာ ကျမတို့ပေးထားတဲ့ ကတိပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီတော်လှန်ရေးကာလမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် သေဆုံးသူအရေအတွက် ၇၂ ဦးအထိ ရှိခဲ့ပါတယ်။ ကြားဖြတ်အစိုးရက စက်တင်ဘာလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ကို တော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်အလံကို တိုင်တဝက် လွှင့်ထူခဲ့ပါတယ်။
ဝန်ကြီးချုပ် ဆူရှီလာ ကာကီက စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျဆုံးခဲ့တဲ့ Gen Z ဆန္ဒပြသူတွေကို “အာဇာနည်” အဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကျန်ရစ်သူမိသားစုတွေအတွက် နီပေါရူပီး ၁ သန်း ထောက်ပံ့ကြေးနဲ့ တခြားစရိတ်တွေအတွက် ရူပီး ၅ သိန်း ထပ်ဆောင်းပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းသွားမှာဖြစ်ပြီး ကျဆုံးသူတွေကို အမှတ်တရအနေနဲ့ “Gen Z Awareness Park” တခု တည်ဆောက်သွားမယ်လို့ပါ ကြေညာထားပါတယ်။
နီပေါမှာ ဖြစ်ပျက်ခဲ့တာဟာ သီးခြားဖြစ်ရပ်တခု မဟုတ်ပါဘူး။ ဒါဟာ တောင်အာရှဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေထဲမှာ နောက်ဆုံးလှန်လှောမိတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်က သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ “Aragalaya” လှုပ်ရှားမှုနဲ့ ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားခဲ့တဲ့ Gen Z တော်လှန်ရေးတို့ကိုပါ ပြန်လည်အမှတ်ရစေပါတယ်။ အဲဒီမှာလည်း စီးပွားရေးပြိုလဲမှုနဲ့ အာဏာရှင်ဆန်လာတဲ့ အုပ်ချုပ်မှုကို စိတ်ပျက်လာကြတဲ့ လူငယ်တွေဟာ စမတ်ဖုန်းတွေကို လက်နက်သဖွယ် အသုံးချပြီးတော့ အမြစ်တွယ်နေတဲ့ အစိုးရတွေကို ဖြုတ်ချခဲ့ကြပါတယ်။ ဒါဟာ ကတိတွေ မတည်နိုင်ခဲ့တဲ့ ကိုလိုနီခေတ်လွန် နိုင်ငံရေးဖွဲ့စည်းပုံတွေရဲ့ အခြေခံအုတ်မြစ်တွေကို တိုက်စားဖြိုဖျက်နေတဲ့ မျိုးဆက်သစ် ဒီရေလှိုင်းတခုလို့ ဆိုရမှာဖြစ်ပါတယ်။
နီပေါရဲ့ အနာဂတ်ဟာ အခုတော့ အဆုံးအဖြတ်ပေးမယ့် အခြေအနေတခုကို ရောက်နေပါပြီ။ တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီက ကြားဖြတ်အစိုးရကို ဦးဆောင်နိုင်ပြီဖြစ်တဲ့အတွက် ပထမခြေလှမ်းကိုတော့ လှမ်းနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ ဒါပေမဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေအတိုင်း စနစ်တကျ ဖြေရှင်းပေးဖို့က ပိုနက်ရှိုင်းတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တကယ့်အာဏာရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ အခွင့်ထူးခံတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ဓလေ့ကို အဆုံးသတ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ hashtag တခုကနေ မွေးဖွားလာတဲ့ #NepoKids လှုပ်ရှားမှုဟာ နီပေါရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံကျကျ ချိုးဖျက်ပစ်ခဲ့ပါတယ်။ ဒီလူငယ်တွေဟာ မျိုးဆက်ဟောင်းရဲ့ ကမ္ဘာကို ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိကြောင်း သက်သေပြခဲ့ပြီးပါပြီ။ အခုတော့ သူတို့ဟာ ကမ္ဘာသစ်တခု တည်ဆောက်ရမယ့် အရမ်းခက်ခဲ အန္တရာယ်များတဲ့ ကာလကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ဒီ ဟိမဝန္တာတော်လှန်ရေးဟာ သူတို့နိုင်ငံကို ပတ်လည်ဝိုင်းရံထားတဲ့ တောင်တန်းတွေလို ကြည်လင်ပြီး မျှော်လင့်ချက်အပြည့်နဲ့ အရုဏ်ဦးတခုကို ဆောင်ကြဉ်းပေးနိုင်မလား ဆိုတာကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။
စိုင်းခေတ်နွေ