
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ တရုတ်ဗီဒီယိုအတို မျှဝေတဲ့ အက်ပလီကေးရှင်း TikTok ကိုရောင်းဖို့ နောက်ဆုံးသတ်မှတ်ရက်တို့နဲ့ ပတ်သက်ပြီး စပိန်မြို့တော် မက်ဒရစ်မှာ ဒုတိယမြောက်နေ့အဖြစ် စက်တင်ဘာ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
၄ လအတွင်း ၄ ကြိမ်မြောက် ညှိနှိုင်းပွဲ နောက်ဆုံးအသုတ်ကို စပိန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တည်ရှိရာ စန်တာခရုဇ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေက TikTok ကို ရောင်းချရေး၊ ထပ်ဆောင်းခွန်တွေနဲ့ စီးပွားရေးကိစ္စတွေကို အာရုံစိုက်ထားတယ်လို့ အမေရိကန်အစိုးရ အရာရှိတယောက်က ပြောပေမဲ့ အသေးစိတ် အချက်တွေကိုတော့ မပြောခဲ့ပါဘူး။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ထ် ဘက်ဆန့်နဲ့ တရုတ်ဒုဝန်ကြီးချုပ် ဟော့လိဖှုန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကွဲလွဲချက်တွေကို ဖြေရှင်းဖို့ မေလကတည်းက ဥရောပမြို့တွေမှာ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်လို့ တရုတ်နိုင်ငံကလည်း အမေရိကန် ကုန်စည်တွေအတွက် အလားတူ မြင့်မားတဲ့ သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံတာနဲ့ ရှားပါးကုန်ကြမ်းစီးဆင်းမှုကို ရပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဇူလိုင်လက စတော့ဟုမ်းမြို့မှာ ကိုယ်စားလှယ်အဖွဲ့တွေ နောက်ဆုံးတွေ့ဆုံခဲ့ရာမှာ နှစ်ဖက်စလုံးက ဂဏန်းသုံးလုံး ရောက်တဲ့အထိ လက်တုံ့ပြန် စည်းကြပ်ခွန်ကောက်တာကို သိသိသာသာ လျှော့ချဖို့၊ တရုတ်က အမေရိကန်ဆီ မြေရှားသတ္တု တင်ပို့တာတွေ ပြန်စဖို့၊ ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရေး ရက် ၉၀ သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြပါတယ်။
Source: Reuters