
ထိုင်ဝမ်ကို ပြန်သိမ်းဖို့ တရုတ်က စစ်ပြင်ဆင်နေတယ်လို့ ထိုင်ဝမ်ကျွန်းရဲ့ ထိပ်တန်းအဆင့် တရုတ်ဆိုင်ရာ မူဝါဒချမှတ်သူတယောက်ဖြစ်တဲ့ ချူကွေးချန်းက အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ စက်တင်ဘာ ၁၂ ရက်က ပြောပါတယ်။
ထိုင်ဝမ်ပြုတ်ကျခဲ့ရင် အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်မယ့် ဒေသတွင်း ဆင့်ကဲ သက်ရောက်မှုဖြစ်တဲ့ “ဒိုမီနိုအကျိုးသက်ရောက်မှု” ဖြစ်လာနိုင်တယ်လို့လည်း ချူက သတိပေးခဲ့ပါတယ်။
တရုတ်အာဏာရ ကွန်မြူနစ်ပါတီဟာ သူ့ပိုင်နက်အစိတ်အပိုင်းလို့ ယူဆထားတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို အင်အားသုံးရင်း ပြန်သိမ်းပိုက်မယ့် ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ ကာလကြာရှည် ငြင်းဆိုနေတယ်လို့ ထိုင်ဝမ်အစိုးရ ပြည်မကြီးရေးရာကောင်စီရဲ့ အစိုးရအဖွဲ့ဝင်အဆင့် အကြီးအကဲ ချူကွေးချန်းက ဝါရှင်တန် အခြေစိုက်အမွေအနှစ် ဖောင်ဒေးရှင်းကို ပြောပါတယ်။
ထိုင်ဝမ်နဲ့ ပေါင်းစည်းရေးကို ကြိုးပမ်းရာမှာ တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသက အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ဖယ်ထုတ်ဖို့ ရည်ရွယ်ပြီး နောက်ဆုံးမှာ အမေရိကန်ရဲ့ ကမ္ဘာ့ခေါင်းဆောင်နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့လည်း ချူက ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ စစ်ပွဲအတွက် တက်တက်ကြွကြွ ပြင်ဆင်နေပြီး ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်တပ်ရဲ့ အရှိန်မြှင့်လုပ်ဆောင်မှုကို မီးမောင်းထိုးပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်ဝမ်ကို တရုတ်က အင်အားသုံး သိမ်းပိုက်ခဲ့မယ်ဆိုရင် ဒါဟာ ဒိုမီနိုအကျိုးသက်ရောက်မှုကို ဖြစ်စေပြီး၊ ဒေသတွင်း ပါဝါချိန်ခွင်လျှာကို ထိခိုက်စေမယ့်အပြင် အမေရိကန်ရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးကို တိုက်ရိုက်ခြိမ်းခြောက်သွားလိမ့်မယ်လို့ ချူက ပြောပါတယ်။
တရားဝင်သံတမန်ဆက်ဆံရေး အားနည်းနေပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက်ထောက်ပံ့သူ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ ဒီကတိကဝတ်ကို ထပ်လောင်းအတည်ပြုတဲ့အတွက် ထိုင်ဝမ်အစိုးရက ကျေးဇူးတင်တယ်လို့ ချူက ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်း ခေတ်မီကွန်ပျူတာ ချစ်ပ်တွေ ထုတ်လုပ်တဲ့ထိုင်ဝမ်ဟာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာမြင့် စက်မှုလုပ်ငန်းရဲ့ အချက်အချာဖြစ်တာကိုလည်း ချူက မီးမောင်းထိုးပြပါတယ်။
“ဒီကိစ္စမှာ ထိုင်ဝမ်ရဲ့ အခန်းကဏ္ဍကို အလျှော့အတင်းလုပ်မယ်ဆိုရင် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အမေရိကန်နဲ့ သူ့ရဲ့ နည်းပညာလုပ်ငန်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်မှာပါ” လို့ ချူက ဆက်ပြောပါတယ်။
ထိုင်ဝမ်အစိုးရဟာ တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ကျွန်းရဲ့ ပြည်သူတွေကသာ သူတို့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဆီ အကြီးတန်း ထိုင်ဝမ်အရာရှိတွေ လာရောက်လည်ပတ်မှုဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေရဲ့ လည်ပတ်မှုတွေနဲ့ နှိုင်းယှဉ်ရင် ရှားပါးပြီး ခရီးစဉ်တွေကလည်း ယေဘုယျအားဖြင့် အများကြီး နိမ့်ကျလေ့ ရှိပါတယ်။
Source: Reuters