
တရုတ်နိုင်ငံဆီကို ပဲတီစိမ်း တင်ပို့တဲ့ မြန်မာကုမ္ပဏီ ၂၂ ခုကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပဲတင်ပို့ခွင့် ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
တရုတ်ဆီကို မြန်မာကုမ္ပဏီတွေကနေ တင်ပို့တဲ့ ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကျော်မှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိရတဲ့အတွက် တရုတ်ဘက်ကနေ ပဲတင်သွင်းခွင့်ကို ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပိုးသတ်ဆေးအကြွင်းအကျန်ကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို နေပြည်တော် တပ်ကုန်းမြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် စိုက်ပျိုးရေးဒုဝန်ကြီး ဒေါက်တာတင်ထွဋ်တက်ရောက်ကာ တောင်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပြောသွား ပါတယ်။
ဒုဝန်ကြီးက စိုက်ပျိုးရာမှာ မြေသြဇာ အလွန်အကျွံသုံးစွဲတာ၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဓာတ်ကြွင်းပမာဏ မြင့်မားတာကြောင့် နိုင်ငံတကာက ငြင်းပယ်ခံရပြီး ပြည်တွင်းဈေးကွက် မတည်ငြိမ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ပပို့ကုန်တွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနဲ့ ရည်မှန်းထားတဲ့ အထွက်နှုန်း ရရှိစေဖို့အတွက် တောင်သူတွေက ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒုဝန်ကြီးက ဆွေးနွေးပွဲမှာ ပြောပါတယ်။
မြန်မာပြည်က ပဲတီစိမ်းတွေကို တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပြီး အခု ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကျော်ကို တရုတ်ဘက်က လက်မခံဘဲ ပြန်လည်တင်ပို့လိုက်သလို အရင်ကလည်း အလားတူဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။