
တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်းဟွေပြည်နယ်၊ ဝူဟူမြို့မှာ ဒရုန်းဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်က စတင်ကျင်းပခဲ့ပြီး ကစားသမား အယောက် ၁၅၀ လောက်က မြန်နှုန်းမြင့် ဝေဟင်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။
ကျန်စု၊ ကျဲ့ကျန်းနဲ့ အန်းဟွေပြည်နယ်တွေက အသင်း ၁၂ သင်းဟာ ရှန်ဟိုင်း စည်ပင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ရင်း မြန်နှုန်းမြင့် အားကစားနဲ့ နည်းပညာ ပေါင်းစပ်ပြိုင်ပွဲအတွင်း ဒေသတွင်း ပါရမီရှင်တွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။
အဖွဲ့တဖွဲ့စီမှာ ကစားသမား ၅ ယောက် ပါဝင်ပြီး ကစားသမားတယောက်စီက ဒရုန်းကို သုံးကြပါတယ်။
ဒရုန်းတွေကို ကာကွယ်ဖို့ တခုစီပတ်လည်မှာ အဖုံးတခု တပ်ဆင်ထားတဲ့အတွက် လေထဲမှာ လွင့်နေတဲ့ စက်လုံးတွေလို မြင်ရပါတယ်။
အဖွဲ့တွေကို အကာအကွယ်ခွံတွေရဲ့ အရောင်နဲ့ ခွဲခြားထားပါတယ်။ အနီရောင်အသင်းမှာ ဒရုန်းဘောလုံး ၅ လုံးရှိပြီး အပြာအသင်းမှာ ဒရုန်းဘောလုံး ၅ လုံး ပါရှိပါတယ်။
ဘောလုံးတလုံးစီကို ကစားသမားတယောက်က ထိန်းချုပ်ထားပြီး တဖက်စီက ဘောလုံးတလုံးကို ဂိုးသွင်းသူအဖြစ် သတ်မှတ်ထားပါတယ်။
“ဒီဘောလုံးက ပြိုင်ဘက်ရဲ့ဂိုးပေါက်ထဲကို ရောက်မှသာ ရမှတ်အဖြစ် ထည့်သွင်းတွက်ချက်မှာပါ” လို့ ပြိုင်ပွဲဒိုင်လူကြီး ချန်းလျန်က ပြောပါတယ်။
ဒရုန်းတွေက မြန်နှုန်းမြင့်လို့ အပြင်းအထန် တိုက်မိတာတွေ အဖြစ်များပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေ ဘေးကင်းစေဖို့၊ ပွဲတွေကို ပိုက်ကွန်အထဲမှာ ကျင်းပပါတယ်။
ရှန်ဟိုင်းမြို့က ကစားသမား ယောင်ရှောင်းချန်က “ကျနော်တို့ရဲ့တာဝန်က မတိုက်မိအောင်ထိန်းပြီး တိုက်မိမယ့်အစား ဂိုးမသွင်းနိုင်အောင် တားဆီးဖို့ပါ။ စိတ်ရှည်မှုနဲ့ အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်ဖို့ လိုတယ်” လို့ ပြောပါတယ်။
ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာတွေကို ဒရုန်းထိန်းချုပ်မှုရဲ့ တိကျမှုနဲ့ ပေါင်းစပ်ထားလို့ ပြိုင်ပွဲဟာ ရိုးရာဘောလုံးကို နောက်ဆုံးပေါ်၊ စည်းကမ်းဖြတ်ကျော် အားကစားအဖြစ် ပြောင်းလဲပေးပါတယ်။
အနိမ့်ပျံအမျိုးအစား အားကစားနည်းထဲမှာ ဒရုန်းအားကစားဟာ နည်းပညာ အားကစား အမျိုးအစားအောက်မှာ ရှိပါတယ်။
ဒါဟာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အစိတ်အပိုင်းတွေရော အားကစားရဲ့ ယှဉ်ပြိုင်မှုသဘောပါ ပါဝင်ပါတယ်။
ဒုတိယအနေနဲ့ စက်ပစ္စည်းတွေ ပြင်ဆင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ထိန်းညှိမှု လုပ်ငန်းစဉ်တွေမှာ ကလေးတွေဟာ ရူပဗေဒနဲ့ သင်္ချာဆိုင်ရာ အသိပညာတွေကို အသုံးချမှာဖြစ်ပြီး သူတို့ရဲ့ ဦးနှောက်၊ မျက်လုံးနဲ့ လက်တွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်း အားကောင်းစေမှာပါလို့ အန်းဟွေပြည်နယ်က အသင်းခေါင်းဆောင် ရှန်းကို့ဖှူက ပြောခဲ့ပါတယ်။
Source: Reuters