
အီတလီနိုင်ငံ မြောက်ပိုင်းရှိ လယ်တောအိမ်တလုံးမှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကာရာဘီးနီးယဲ ခေါ် အီတလီ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ အရာရှိ ၃ ယောက် သေဆုံးခဲ့ပြီး တခြား ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အီတလီနိုင်ငံ မီးသတ်ဌာနက အောက်တိုဘာ ၁၄ ရက်က X မှာ ပို့စ်တင် ပြောပါတယ်။
ဗီရိုနာမြို့တော်အနီး ကက်စ်တဲလ် ဒက်ဆာနိုမြို့နယ်မှာ အရာရှိတွေဟာ အဆောက်အအုံတခုမှာ နှင်ထုတ်မိန့်ကို လုပ်ဆောင်ဖို့ ကြိုးစားနေရင်း ညအချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လယ်တောအိမ် ပြိုကျသွားခဲ့ကြောင်း မီးသတ်သမားတွေက ပြောပါတယ်။
ကနဦး ညွှန်ပြချက်တွေအရ အဆောက်အအုံတွင်း ဓာတ်ငွေ့ဘူးတွေ ပေါက်ကွဲခဲ့ကြောင်း သိရပြီး ပေါက်ကွဲမှုမှ ဆူညံသံကို ၅ ကီလိုမီတာ (၃ ဒသမ ၁ မိုင်) အကွာအဝေးအထိ ကြားခဲ့ရပါတယ်။
ပေါက်ကွဲမှုကြောင့် အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး မီးသတ်သမား ၇ ယောက်ကိုလည်း စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံကို ပို့ဆောင်ထားကြောင်း ဆိုပါတယ်။
အဲဒီအဆောက်အအုံမှာ မောင်နှမ ၃ ယောက် နေထိုင်ကြပြီး အရင်ကလည်း သူတို့ကို နှင်ထုတ်ဖို့ ကြိုးပမ်းမှုတွေကို နှစ်အတော်ကြာ တွန်းလှန်ခဲ့ကြတယ်လို့ နေ့စဉ်ထုတ် အီတလီ ညနေခင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မီလိုနီက “ကာရာဘီးနီးယဲ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားရတဲ့အတွက် သူ့အနေနဲ့ရော၊ အစိုးရအဖွဲ့ဝင်တွေကရော ကျန်ရစ်သူမိသားစုတွေနဲ့အတူ ထပ်တူ စာနာဝမ်းနည်းကြောင်း” X မှာ ရေးသားခဲ့ပါတယ်။
Source: Reuters


