
အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ အင်းစိန်ထောင်မှာ အကျဥ်းကျ၊ ထိန်းသိမ်းခံထားရသူတွေကို ဖိအားပေး၊ ခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန် ပါတယ်။
အဲဒီအကျဉ်းထောင်အတွင်း အချုပ်ခန်းရှိ အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေပြီး ကြိုတင်မဲပေးဖို့ ငြင်းဆန်ရင် ကန့်ကွက်မဲအဖြစ် သတ်မှတ်မှာ ဖြစ်သလို တိုက်ပိတ်တာမျိုးနဲ့ ထောင်တွင်းပြစ်ဒဏ်တွေ ချသွားမယ်ဆိုပြီး ခြိမ်းခြောက် ကြိမ်းမောင်းနေတာလို့ STUM က ဆိုပါတယ်။
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ အမှုနဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ တရားရင်ဆိုင်နေရတဲ့ STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အောက်တိုဘာ ၁၃ ရက်မှာ ရုံးထုတ်ခဲ့ပြီးနောက် သူအပါအဝင် အချုပ်သားတွေ ကြိုတင်မဲပေးဖို့ ဖိအားပေး၊ ခြိမ်းခြောက်ခံနေရတယ် ဆိုတာကို အဲဒီအဖွဲ့ချုပ်က ထုတ်ပြန်တာ ဖြစ်ပါတယ်။
STUM နဲ့ နီးစပ်သူတယောက်က “လက်ရှိ တွေ့နေရတဲ့ အနေအထားအရ ဖြစ်နိုင်တယ်။ အန်တီမျိုးအတွက် ကျန်းမာရေးအခြေအနေအရ စိုးရိမ်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်မျိုးမျိုးအေးနဲ့ STUM အဖွဲ့ဝင်တွေ တရားစွဲဆိုခံထားရတဲ့ ခြေချုပ်နှင့် ခံဝန်အမှုအတွက် တရားလိုပြ သက်သေတွေကို အောက်တိုဘာ ၁၃ ရက်မှာ ဆက်လက် စစ်ဆေးကြားနာခဲ့ပြီး နောက်ထပ်ဖွင့်ထားတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ အမှုအတွက် တရားလိုကို ဆက်လက်စစ်ဆေးပြီးနောက်မှာ တရားလိုပြသက်သေတွေကို ဆက်စစ်ဆေးဖို့အတွက် အောက်တိုဘာ ၂၃ ရက်ကို ချိန်းဆိုလိုက်တယ်လို့ STUM က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။