
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ-၁၅ တင်ရမယ့်ရက် ထပ်တိုးထားကြောင်း စစ်ကောင်စီ သံရုံးတချို့က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးက ပုံစံ-၁၅ တင်ရမယ့်ရက် ထပ်တိုးလိုက်တယ်လို့ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ဒီနေ့မှာ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေရှိ စစ်ကောင်စီသံရုံးတွေကပါ ရက်ထပ်တိုးကြောင်း ကြေညာလာတာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာတွေ ပုံစံ-၁၅ တင်ဖို့အတွက် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံရှိ စစ်ကောင်စီသံရုံးတွေက ပထမအကြိမ်အဖြစ် အောက်တိုဘာ ၆ ရက်အထိ ရက်တိုးခဲ့ရာကနေ အခု အောက်တိုဘာ ၁၅ ရက်ထိ ထပ်တိုးလိုက်တာဖြစ်ပြီး မလေးရှားနိုင်ငံရှိ စစ်ကောင်စီသံရုံးက အောက်တိုဘာ ၁၆ ရက်အထိ တိုးလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပက ကြိုတင်မဲရနိုင်မယ့် မျှော်မှန်းအရေအတွက် မပြည့်သေးလို့ ရက်တိုးပြီး စောင့်ဆိုင်းနေရတဲ့သဘော တွေ့ရတယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက သုံးသပ်ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က “၂၀၂၀ ရွေးကောက်ပွဲတုန်းကလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြတဲ့ အနေအထားမျိုး လိုချင်ရင်တော့ ရူးနေလို့ပဲဖြစ်မှာ” လို့ ပြောပါတယ်။
စစ်ကောင်စီသံရုံးတွေက ပုံစံ-၁၅ တင်ရမယ့်ရက် တိုးတာဟာ ကိုယ့်ဆန္ဒနဲ့ မဲပေးခွင့် လာလျှောက်သူတွေကို စောင့်ပေးတာမျိုးမဟုတ်ဘဲ မဖြစ်မနေ ပတ်စ်ပို့ သက်တမ်းလာတိုးမယ့် သူတွေကို ဦးတည် ပစ်မှတ်ထားတာလို့ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုတဲ့အတွက် ကြိုတင်မဲပေးခွင့် လျှောက်တာ မရှိသလောက် ဖြစ်နေတဲ့အတွက် စစ်ကောင်စီသံရုံးတွေက ပတ်စ်ပို့သက်တမ်းတိုးသူ၊ ထောက်ခံစာ လာလုပ်သူတွေကို အကျပ်ကိုင်၊ ဖိအားပေးပြီး ပုံစံ-၁၅ တင်ခိုင်းတာတွေ ရှိနေတာ ဖြစ်ပါတယ်။
ယူအေအီးနိုင်ငံရှိ စစ်ကောင်စီသံရုံးက ပတ်စ်ပို့သက်တမ်းတိုး ဝန်ဆောင်မှု လုပ်နေသူတွေကို တယောက်ကို ပုံစံ-၁၅ ဖောင် ၅၀ တင်ပေးဖို့ အကျပ်ကိုင်ထားပြီး အောက်တိုဘာလကုန်အထိ အချိန်ပေးထားတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။