Home
မြန်မာသတင်း
ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများအား ထောက်ပံ့ကြေး တရက် ၁,၀၀၀ ကျပ်ပေးရန် ကြေညာ
DVB
·
October 15, 2025

ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကို ထောက်ပံ့ကြေး တရက်ကို ၁,၀၀၀ ကျပ် တိုးပေးဖို့ စစ်ကောင်စီသြဇာခံ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်း Non CDM တွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ တလကို ၃၀,၀၀၀ ကျပ် ပေးသွားမယ်လို့ ကြေညာပြီး နှစ်ပတ်အကြာမှာ ပုဂ္ဂလိကကဏ္ဍအတွက်ပါ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်း Non CDM တွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ထောက်ပံ့ကြေးအနေနဲ့ တလကို ၃၀,၀၀၀ ကျပ် ပေးသွားမယ်လို့ ကြေညာထားပေမဲ့ ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကိုတော့ အလုပ်လုပ်တဲ့ရက်တွေနဲ့ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ အပိုထောက်ပံ့ကြေး တရက် ၁,၀၀၀ ကျပ် ခံစားခွင့်ပေးမှာဆိုပြီး ခွဲခြားသတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

အခုလို အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေးပေးဖို့ အမိန့်ထုတ်လိုက်တဲ့အတွက် အထိုက်အလျောက် ငွေပိုရဖို့ရှိပေမဲ့ အနည်းဆုံး အခကြေးငွေ ခေါင်းစဥ်အောက်မှာ ရှိမနေလို့ အငြင်းပွားစရာ ရှိနိုင်ကြောင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

“ဒီနေ့ထုတ်တဲ့ အမိန့်ကြေညာချက်အရဆိုရင် အလုပ်ပိတ်ရက်တွေမှာ ပေးစရာမလိုတဲ့သဘော ဖြစ်နေတယ်။ အနည်းဆုံးအခကြေးငွေ ခေါင်းစဥ်အောက်မှာ မရှိလို့ အချိန်ပိုကြေး တွက်တဲ့အခါမျိုးမှာ အလုပ်သမားတွေ နစ်နာဖို့ရှိတယ်။”

မြန်မာနိုင်ငံမှာ အလုပ်သမား ၁၀ ယောက်အထက် လုပ်ငန်းတွေအတွက် တရက် လုပ်ခ အနည်းဆုံး အခကြေးငွေကို ၂၀၁၈ မှာ ၄,၈၀၀ ကျပ်နှုန်း နောက်ဆုံးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အဲဒီနှုန်းထားကို တိုးမြှင့်ပြင်ဆင် မသတ်မှတ်နိုင်ခဲ့ဘဲ ၂၀၂၃ အောက်တိုဘာနဲ့ ၂၀၂၄ သြဂုတ်လတို့မှာ အပိုထောက်ပံ့ကြေး ၁,၀၀၀ ကျပ်စီပေးဖို့ အခုလို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ထုတ်ခဲ့တာ ရှိပါတယ်။

အဲဒီလို အလုပ်လုပ်တဲ့ရက်တွေအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ကို အလုပ်သမား ၁၀ ယောက်အောက် လုပ်ငန်းတွေနဲ့ မိသားစု တပိုင်တနိုင်လုပ်ငန်းတွေ အကျုံးမဝင်ဘူးလို့လည်း စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေကို အပိုထောက်ပံ့ကြေးပေးဖို့ အမိန့်ထုတ်ခဲ့တာ ရှိပေမဲ့ စက်ရုံနဲ့ လုပ်ငန်းတချို့က လိုက်နာပေးချေတာမရှိတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013