Home
မြန်မာသတင်း
အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ က လောက်ငမှုမရှိဟု Non-CDM ဝန်ထမ်းများ တုံ့ပြန် 
DVB
·
October 2, 2025

စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ အငြိမ်းစားဝန်ထမ်းတွေနဲ့ စစ်သားတွေကို အခု အောက်တိုဘာလကစပြီး အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီ ပေးသွားမယ်လို့ ကြေညာထားပေမဲ့ ဒီလိုလစာတိုးပေးတာဟာ လောက်ငမှုမရှိဘူးလို့ Non-CDM  ဝန်ထမ်းတွေက ပြောကြပါတယ်။ 

စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ စစ်သားတွေကို အောက်တိုဘာလ ကစပြီးအပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီ ထပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အပိုထောက်ပံ့ကြေးရရှိမယ့် သူတွေထဲမှာ စစ်တပ်က အရာရှိစစ်သည် ကြည်း၊ ရေ၊ လေ စစ်သားတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အငြိမ်းစားတွေအပါအဝင် တခြားဌာနတွေက အငြိမ်းစားဝန်ထမ်းတွေကိုတော့ အခုတခါ ထောက်ပံ့ကြေးပေးတာက ဒုတိယအကြိမ် ဖြစ်ပါတယ်။

နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခကို အလုပ်ချိန် တနေ့ ၈ နာရီအတွက် လက်ရှိ သတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်မှာ ကျပ် ၁,၀၀၀ စီ ၂ ခါ အပိုထောက်ပံ့ကြေး ပေးခဲ့ပြီးဖြစ်လို့ အခုအခါ ကျပ်  ၁,၀၀၀ နဲ့ စုစုပေါင်း ၃,၀၀၀ အပိုရရှိတော့မှာဖြစ်ပြီး စုစုပေါင်း တနေ့လုပ်ခ ၇,၈၀၀ ဖြစ်လာမယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မကွေးတိုင်းထဲက အစိုးရဌာနတခုက ဦးစီးမှူးတာဝန်ထမ်းဆောင်နေသူ တယောက်ကတော့ ထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ်တိုးပေမဲ့ တလကိုရတဲ့ လစာ ကျပ် ၃ သိန်းကျော်ဟာ လက်ရှိကုန်ဈေးနှုန်း အခြေအနေနဲ့ ဆန်ဖိုးနဲ့ အိမ်ငှားခပဲ ရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းက စီးပွားရေးဘဏ် ဦးစီးအရာရှိတယောက်က “လစာတိုးတော့ ပျော်တာပေါ့၊ ဒါပေမဲ့ အရမ်းကြီး ရင်ခုန်တာမျိုးတော့မဟုက်ဘူး။ တိုးတဲ့ လစာ ၃၀,၀၀၀ က ပုဆိုးတကွင်းစာ၊ ဟင်းတခွက်စာလောက်ပဲရှိတယ်။ ခုခေတ်ကုန်စျေးနှုန်း ကြက်ဥ အစိမ်း တလုံး ၈၀၀ ၊ စားဆီ တဘူး ၃၀၀၀၀ ဝန်းကျင်မှာ ဆီတဘူးဖိုး ပိုရတာပေါ့။ ကြားပေါက်ရတဲ့ ပြည်ထဲရေးလက်အောက်ခံတွေ ဝန်ထမ်းနဲ့ ဆည်မြောင်းဦးစီးလက်အောက်ကဝန်ထမ်းရုံးတွေက ကြားပေါက်ရတယ်၊ သူတို့က လစာ တိုးတာ လျော့တာ အရမ်းကြီး မထိရောက်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်က အစိုးရရုံးအဖွဲ့အတော်များများက ကိုယ့်လုပ်ပိုင်ခွင့်ထဲ ရုံးစောင့်ကအစ ရတဲ့နည်းနဲ့ ပြည်သူဆီက လာဘ်စားပြီး ငွေရှာနိုင်တာမလို့ လစာတိုးတာလျော့တာက သိပ်ကွာခြားမှုမရှိဘူးလို့ ဆက်ပြောပါတယ်။

အခုလို ထောက်ပံ့ကြေးပေးတဲ့အပေါ်  နိုင်ငံခြားပညာသင်သွားနေတဲ့ ဝန်ထမ်းတွေကတော့ သွားနေတဲ့ကာလအတွင်းရမှာမဟုတ်သလို ကန်ထရိုက်၊ ပုတ်ပြတ်၊  အချိန်ပိုင်းဝန်ထမ်းတွေကလည်း ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နေ့စားဝန်ထမ်းတွေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်ခကို အလုပ်ချိန် တနေ့ ၈ နာရီအတွက် လက်ရှိ သတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်မှာ ကျပ် ၁,၀၀၀ စီ ၂ ခါ အပိုထောက်ပံ့ကြေး ပေးခဲ့ပြီးဖြစ်ပါတယ်။

အခုတခါ ထပ်ပေးတာနဲ့ဆိုရင် အစိုးရဝန်ထမ်းတွေက ကျပ် ၁,၀၀၀ နဲ့ စုစုပေါင်း ၃,၀၀၀ အပိုရရှိတော့မှာဖြစ်ပြီး စုစုပေါင်း တနေ့လုပ်ခ ၇,၈၀၀ ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းတွေ အငြိမ်းစားဝန်ထမ်းတွေကို ငွေကျပ် ၃၀,၀၀၀  တိုးပေးပေမဲ့ လက်တွေ့မှာတော့ အဆမတန်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ဆက်တိုက်ဆိုသလို တိုးလာတဲ့ငွေကြေးဖောင်းပွမှုတန်ဖိုးတွေကြောင့် လူထုက လက်တွေ့မှာ ဝင်ငွေနဲ့ ထွက်ငွေမမျှတာကို ခံနေကြရတာ အချိန်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလမှာ ဝန်ထမ်းတွေကို တိုးပေးတဲ့ ခံစားခွင့်ဟာ မြန်မာကျပ်ငွေ တသိန်းမပြည့်သေးဘူးလို့လည်း ဝန်ထမ်းတွေက ပြောကြပါတယ်။

ဓာတ်ဆီတလီတာကို ကျပ် ၁,၀၀၀ ဝန်းကျင်အချိန်မှာ အခြေခံလစာ ၁၈၀,၀၀၀ ဖြစ်ပြီး အခုလို ဓာတ်ဆီတလီတာကို ၁၀,၀၀၀ ဝန်းကျင်အချိန်မှာ လစာ ၃၀,၀၀၀  ကျပ်တိုးပေးတာဟာ အသုံးမဝင်နိုင်ဘူးလို့ ကချင်ပြည်နယ်က CDM ဝန်ထမ်းတယောက်က သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

“ဓာတ်ဆီတလီတာကို ၁,၀၀၀ ဝန်းကျင်ခေတ်မှာ  အခြေခံလစာ ၁၈၀, ၀၀၀၊ အခုဓာတ်ဆီတလီတာကို ၁၀, ၀၀၀ ဝန်းကျင်ခေတ်မှာ အခြေခံလစာက ၂၇၀,၀၀၀ ပေါ့နော်။ ဆိုတော့ ကုန်ဈေးနှုန်းကကျတော့ ကျနော်တို့ ကချင်ပြည်နယ်လို ဆိုရင် ၁၀ ဆလောက်တက်တဲ့ အနေအထားမှာ သူတို့ရဲ့ လစာက ဘာမှမရှိလာဘူးလေနော်။ ဒီလောက်တိုးတာကလည်း ဘာမှ သုံးစားလို့မရဘူး။”

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ အခြေခံကုန်ဈေးနှုန်းဟာလည်း  ၂ ဆကျော်လောက် မြင့်တက်လာနေတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ်ထဲမှာဆို ငွေကြေးဖောင်းပွမှုနှုန်း ဟာ ၃၄ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးလာနေတယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ထားပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013