Home
မြန်မာသတင်း
Sky Villa ပြိုကျမှု၌ သေဆုံးသူများကို ထောက်ပံ့ကြေး ကျပ် သိန်း ၁၀၀  ပေးသည့်အပေါ်  မကျေနပ် 
DVB
·
September 3, 2025

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ Sky Villa ကွန်ဒိုအဆောက်အအုံ ပြိုကျမှုမှာ သေဆုံးသူတွေကို ကုမ္ပဏီက ကရုဏာထောက်ပံ့ကြေး ကျပ် သိန်း ၁၀၀  ပေးဖို့ ကြေညာထားပေမဲ့ နစ်နာသူမိသားစုဝင်တွေကတော့ မကျေနပ်ကြဘူးလို့ မိသားစုဝင်တချို့က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး အင်းအားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျခဲ့ပြီး လူတွေရာနဲ့ချီ  ထိခိုက် သေဆုံးခဲ့ရတာပါ။

ကွန်ဒိုပြိုကျလို့ သေဆုံးခဲ့တဲ့သူတွေအတွက် ဧည့်စာရင်းရှိပြီး သေဆုံးကြောင်း အထောက်အထားပြနိုင်ရင် သေဆုံးသူ တယောက်ကို ကရုဏာထောက်ပံ့ကြေး ကျပ် သိန်း ၁၀၀ ပေးအပ်မယ်လို့ NTL ကုမ္ပဏီက ကြေညာထားတယ်လို့ သိရပါတယ်။ 

သေဆုံးကြောင်း အထောက်အထား၊ အိမ်ထောင်စုဇယား မိတ္တူနဲ့အတူ မိသားစုအလိုက် ဆုံးရှုံးခဲ့ရသူတွေက သူတို့ရဲ့ အမွေအစားအမွေခံ အထောက်အထား ပြနိုင်သူတွေ စာရင်းပေးသွင်းပြီး ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ 

အဲဒီ Sky villa မှာ နေထိုင်ခဲ့တဲ့သူတွေဟာ ငွေကြေးတတ်နိုင်တဲ့သူတွေ ဖြစ်ကြတဲ့အတွက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ငလျင်စဖြစ်ကတည်းက ပိတ်မိသူတွေကို ကွန်ဒိုတာဝန်ရှိသူတွေ ဦးဆောင်ပြီး လူအင်အားများစွာနဲ့ ကယ်ထုတ်ပေးခဲ့တာ ဒါမှမဟုတ် စိတ်ရင်းအမှန်နဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို တောင်းပန်တာကိုပဲ လိုချင်တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကုမ္ပဏီဘက်ကတော့ အဆောက်အအုံကိုသာ ခိုင်ခိုင်မာမာ တည်ဆောက်ထားရင် ဆုံးရှုံးမှု ဒီလောက်များမှာ မဟုတ်သလို နစ်နာသူ မိသားစုဝင်တွေကို ဒီပမာဏနဲ့ တန်ကြေးဖြတ်တာ မဖြစ်သင့်ဘူးလို့ Sky Villy ပြိုကျမှုမှာ မိခင်ဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ တိုက်ခန်း ၂ ခန်းပိုင်တဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“သူတို့ဘက်က ပထမအနေနဲ့ ဝမ်းနည်းကြေကွဲကြောင်းတော့ ထုတ်သင့်တယ်လို့ မြင်တယ်လေ။ ပထမအနေနဲ့ နောက်မှသာ ဒီလျော်ကြေးကိစ္စကို ဥပမာ သူတို့အနေနဲ့ ဘာတွေ ဘာတွေဖြစ်လို့ ဒီလောက်ပဲ ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဒီအိမ်အတွက်က ဘယ်လောက် လူတွေ သေဆုံးမှုအတွက်က ဘယ်လောက် ဆိုပြီး ပေးရမှာလေ။ ကြည့်ရတာ သူတို့က အဲဒီလိုမျိုး ပေးလိုက်ရင် သူတို့ရဲ့အမှားလိုမျိုး ဖြစ်သွားမှာကြောက်လို့ မပေးတာလားတော့ သူတို့ပဲ သိမှာလေ။ ကျပ်သိန်း ၁၀၀ ဆိုတာ ပမာဏကလည်း အရမ်းလည်းနည်းတယ်။ တခြားဟာမပြောနဲ့ ဖိနပ်တွေအားလုံးကို စုပေါင်းလိုက်ရင်တောင် သိန်း ၁၀၀ လောက်ရှိတယ်၊ ပြောပြတာပါ။ ဆုံးရှုံးသွားတဲ့ဟာတွေက များလွန်းအားကြီးတော့လေ လူတယောက်ရဲ့ တန်ဖိုးက ကျပ် သိန်း ၁၀၀ နဲ့တန်ဖိုးဖြတ်တာပဲလားတော့ မပြောတတ်ဘူးပေါ့လေ။ ဆုံးရှုံးသွားတဲ့သူတွေက ဘယ်သူမှ သိန်း ၁၀၀ နဲ့ ကျေနပ်နိုင်မှာ မဟုတ်ဘူးလေ။”

Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်မှာ N.T.L ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ကွန်ဒိုအခန်း ၁ ခန်းကို ကျပ် သိန်း ၈၀၀၀ အထိ ခေါ်ဈေးဖြင့် ကြော်ငြာရောင်းချခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကစလို့ သေဆုံးကြောင်း စာရင်းပေးသွင်းနိုင်ပြီး စက်တင်ဘာ ၈ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ငွေထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် Sky villa ကွန်ဒိုအဆောက်အအုံ A မှာ ၆ ထပ်အထိ မြေထဲ ကျွံဝင်သွားပြီး အဆောက်အအုံ B၊ C၊ D ၃ ခုစလုံး လုံး၀ပြိုကျခဲ့တာပါ။

Sky villa ပြိုကျခဲ့တဲ့အတွက် ကွန်ဒိုမှာနေထိုင်တဲ့ လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့ရပါတယ်။  ငလျင်လှုပ်ခတ်ပြီး ၅ လကျော်ကြာမြင့်ခဲ့ပေမဲ့ ခုချိန်ထိရှာဖွယ် ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲ ဖြစ်ပါတယ်။

NTL ကုမ္ပဏီဘက်က နစ်နာသူ မိသားစုဝင်တွေကို ၂ ကြိမ် တွေ့ဆုံတောင်းပန်ခဲ့ပြီး အခုလို နစ်နာကြေးပေးသွားမယ်လို့ Sky Villa မှာ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကုမ္ပဏီက တာဝန်ရှိသူတယောက်က DVB ကိုပြောပါတယ်။

“သေဆုံးကြောင်း အထောက်အထားပေါ့နော်၊ စာရွက်စာတမ်း အထောက်အထားလေးတွေ ထောက်ခံချက်လေးတွေ  ဒါမှမဟုတ် သူတို့ရဲ့ အိမ်ထောင်စုဇယားမိတ္တူ နောက်တခုက တချို့ကျ မိသားစုဝင် အကုန်လုံးပါသွားပြီဆိုတော့ အမွေစားအမွေခံ ဆက်ခံပိုင်ခွင့်ရှိသူ အဲဒီလို အထောက်အထား ပြည့်စုံစွာနဲ့ စာရင်းပေးသွင်းပြီး ထုတ်ယူလို့ရပါတယ်။ ဒီမှာရှိတဲ့ မိသားစုဝင်အတော်များများက နယ်ကနေ လာနေတာရှိတယ်။ တမြို့တရွာကနေမှ အခန်းဝယ်ပြီး နေထိုင်တာတွေ ရှိပါတယ်ခင်ဗျ။ အဲဒါကြောင့် သူတို့နဲ့ နီးစပ်သူတွေကို ကျနော်တို့ အကုန်လုံး ဆက်သွယ်ထားပါတယ်။”

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၄,၆၀၀ နီးပါး သေဆုံးခဲ့တယ်လို့ DVB က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024