Home
နိုင်ငံတကာ
နယ်စပ်တိုက်ပွဲ၌ သေဆုံးစစ်သည် ၁ ဦးလျှင် ဘတ် ၁၀ သန်းနှင့် ပြည်သူ ၁ ဦးလျှင် ဘတ် ၈ သန်းစီ ထိုင်းအစိုးရ ထောက်ပံ့မည်  
DVB
·
August 6, 2025
Photo: REUTERS/Athit Perawongmetha

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ  ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကြား နယ်စပ်အငြင်းပွါးမှုတိုက်ပွဲကြောင့် သေဆုံးဒဏ်ရာရသူတွေအတွက် နစ်နာကြေးတွေ ပေးအပ်ဖို့  ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဩဂုတ် ၅ ရက် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နယ်စပ် ပဋိပက္ခတွေအတွင်း သေဆုံးခဲ့ရသူ စစ်သည်တွေ ၊ ရဲဝန်ထမ်းတွေအတွက် တဦးလျှင် ဘတ် ၁၀ သန်းစီ၊ ခန္ဓာကိုယ် အစိပ်အပိုင်း ဆုံးရှုံးခဲ့သူတွေအတွက် တဦးလျှင် ဘတ် ၁ သန်းစီ၊ ပြင်းထန်စွာ ဒဏ်ရာရခဲ့သူတွေအတွက် တဦးလျှင် ဘတ် ၅ သိန်းစီ၊ ဒဏ်ရာမပြင်းထန်သူတွေအတွက် တဦးလျှင် ဘတ် ၅ သောင်းစီ ထောက်ပံ့ပေးဖို့ သဘောတူခဲ့ကြောင်း ထိုင်းယာယီဝန်ကြီးချုပ် ဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ရိုးရိုးအရပ်သား(ပြည်သူ) သေဆုံးသူအတွက် နစ်နာကြေး တဦးလျှင် ဘတ် ၈ သန်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းဆုံးရှုံးပါက ဘတ် ၈ သိန်း၊ ဒဏ်ရာပြင်းထန်က ဘတ် ၄ သိန်းစီ၊ ဒဏ်ရာမပြင်းထန်ပါက ဘတ် ၅ သောင်းစီ ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်ထိပြီး နေအိမ်အဆောက်အအုံ ဆုံးရှုံးခဲ့ရတာတွေအတွက် ဆက်လက်စဉ်းစားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလကတည်းကစ မီဒီယာနဲ့ တိုက်ခိုက်မှုတွေ သွေးထိုးလှုံ့ဆော်မှုတွေကို ထိုင်းဘက်က အတတ်နိုင်ဆုံး သည်းခံခဲ့တယ်၊ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာဖို့ ထိုင်းဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်၊ ဒါပေမဲ့လည်း တဘက်က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးလာတယ်၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးစေခဲ့တာကြောင့် တိုက်ပွဲ မဖြစ်ချင်လည်း ဖြစ်ခဲ့ရတယ်၊ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် ထိခိုက်ရတာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘောဒီးယားစစ်တပ်ကို ရာဇဝတ်မှုဥပဒေအရရော၊ တရားမမှု ဥပဒေအရပါ တရားစွဲသွားမယ်၊ ဆုံးရှုံးမှု လျော်ကြေး ပြန်တောင်းမယ်။ ပြည်သူတွေအနေနဲ့လည်း မိမိဆုံးရှုံးမှုတွေအတွက် ကမ္ဘောဒီးယားဘက်က ပြန်လျော်ပေးဖို့ တောင်းဆိုနိုင်တယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ဆွေးနွေး ဆောင်ရွက်သွားမယ်လို့  ထိုင်းယာယီဝန်ကြီးချုပ်က ပြောပါတယ်။

ပြဿနာကို ဆွေးနွေးညှိနှိုင်းနည်းနဲ့ အဖြေရှာဖို့  ခုလာမယ့် ဩဂုတ် ၇ ရက်မှာ ထိုင်း-ကမ္ဘောဒီးယား နယ်ခြားပူးတွဲကော်မတီ GBC အစည်းအဝေး ရှိမယ်၊ ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက် ကာကွယ်ရေးဝန်ကြီး တက်ရောက်မယ်၊ တရုတ်၊ အမေရိကန်နဲ့ မလေးရှားက ကိုယ်စားလှယ်တွေ လေ့လာသူအနေနဲ့ တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ မှ ၂၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထိုင်းတပ်မတော်ဘက်က စစ်သည်  ၁၅ ယောက် ကျဆုံး၊ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရကာ အရပ်သားပြည်သူ ၁၇ ယောက် သေဆုံးပြီး  ၃၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

Source : Thairath News / PPTV HD 36

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013