
ခရီးသည်တင်ယာဥ်နဲ့ လိုက်ပါလာတဲ့ နေပြည်တော်က စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတယောက်ကို မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းခေါ်သွားတယ်လို့ နေပြည်တော် ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)၊ စက်မှုအလုပ်ရုံဌာနခွဲက ယန္တရားမောင်းဝန်ထမ်း ဦးသန်းထွန်းအောင်ကို ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။
နေပြည်တော်က ဝန်ထမ်းတယောက်က '' တောင်သာမြို့နယ် တောင်သာ-ဇဂျမ်း-မြင်းခြံကား လမ်းပေါ်ကျောက် ဖူးကျေးရွာလမ်းခွဲအနီးမှာ ဝန်ထမ်းပါ လာတဲ့ခရီးသည်တင်ယာဉ်ကို တားဆီးစစ်ဆေးပြီး ဝန်ထမ်းဖြစ်ကြောင်း အထောက်အထားတွေတွေ့တာနဲ့ဖမ်းခေါ်သွားတာ။ ဘယ်အဖွဲ့က ခေါ်တာလည်းတော့ မသိသေးဘူး''လို့ ပြောပါတယ်။
အဲ့ဒီဝန်ထမ်းဟာ နေပြည်တော်ကနေ မြင်းခြံမြို့ကို လာတဲ့ ပြည်တော်အေးခရီးသည် တင်မော်တော်ယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ခံရတာဖြစ်ပြီး အောက်တိုဘာ ၂ ရက်အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က "သူက နေပြည်တော်မှာ တာဝန်ကျနေတာ။ မြင်းခြံကနေ နေပြည်တော်ကို ပြန်လာတဲ့ လမ်းမှာအဖမ်းခံရတာ။ မိသားစုတွေက စိတ်ပူနေတာပေါ့" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေကစုံစမ်းစစ်ဆေးနေပြီး စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက နိုင်ငံ့ဝန်ထမ်းတယောက်ကို ခရီးသည်တင်ယာဉ်ပေါ်ကနေ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေးသားနေကြပါတယ်။