
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မှတ်ပုံတင်ပွဲစား ဆိုသူ အမျိုးသားတယောက်နဲ့ ကျူရှင်ဆရာမ တယောက် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားပြီး နောက်ထပ် ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၂ ရက်ညနေပိုင်းမှာ စဉ့်ကူတိုက်နယ်၊ ဈေးတန်းရပ်က ကျူရှင်ဆရာမ ဒေါ်အိအိခိုင်နဲ့ မြို့မတောင်ပိုင်းက မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းတို့ တနေ့တည်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ကျူရှင်ဆရာမရဲ့ အမေနဲ့ မောင်ဖြစ်သူတို့ပါ ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “အသက် ၄၀ အရွယ်ရှိ ဒေါ်အိအိခိုင်၊ အမေဖြစ်သူနဲ့ မောင်ဖြစ်သူတို့ကို လက်နက်ကိုင်အဖွဲ့တခုက သူတို့အိမ်မှာဝင်ရောက်ပစ်ခတ်လို့ ဒေါ်အိအိခိုင် ကတော့ ပွဲချင်းပြီး သေဆုံးသွားတာ။ ညနေဘက်မှာပဲ အသက် ၆၀ ကျော်အရွယ် ဦးမောင်ဝင်း ဆိုသူလည်း လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တာ။ တခါတည်းပွဲချင်းပြီးပဲ။ သူက မှတ်ပုံတင်ပွဲစား လုပ်ပေးနေသူ” လို့ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ရဲတွေက အခင်းဖြစ်နေရာတွေကို သွားရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို မကွေးအထူးကုဆေးရုံကြီးကို တင်ပို့ထားတယ်လို့ သိရပါတယ်။
ဒေသခံ တယောက်က “ဆရာမ အိအိခိုင်က ကျူရှင်သီးသန့်သင်နေတဲ့ဆရာမပါ။ အစိုးရကျောင်းမှာ စာသင်နေတဲ့ ဆရာမ မဟုတ်ပါဘူး။ ဘယ်အဖွဲ့က ပစ်ခတ်သွားတာလဲ မသိဘူး။ ဆုံးပြီးတော့မှသိရတာ။ ဆရာမရဲ့မောင်ဖြစ်သူက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရတယ်။ ရွာဘက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ဆေးကြမ်းနေတယ်။ တရားခံတော့ မိတာ မကြားမိသေးဘူး” ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေ လုပ်ဆောင်တယ်ဆိုတာကို သြဂုတ် ၂၄ ရက်အထိ ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ Non CDM ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။